ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ပြောသည့် အမျိုးသားတစ်ဦးကို ဖမ်းသွားရာမှ နာရီပိုင်းအတွင်း သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် သတင်းအမှားအား ရေးသားဖြန့်ဝေလျက်ရှိ

 

ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ပြောသည့် အမျိုးသားတစ်ဦးကို ဖမ်းသွားရာမှ နာရီပိုင်းအတွင်း သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် သတင်းအမှားအား ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၂၁

     ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ မကျေနပ်ကြောင်း ပြောသည့် အမျိုးသားတစ်ဦးကို ဖမ်းသွားရာမှ နာရီပိုင်းအတွင်း သေဆုံးခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် မဟုတ်မမှန် သတင်းအမှားအား ရေးသား ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရပါသည်။

     ဖြစ်စဉ်အမှန်မှာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ၇ လမ်းတွင် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့မှ လူဦးရေ ကျား၊ မ စာရင်းများ ကောက်ခံလျက်ရှိစဉ် ၎င်းလမ်းနေ ဦးသန်းထွန်းအေး မှ ပြည်သူ့စစ်မှုထမ်းစာရင်း လာကောက်သည်ဟု ထင်မြင်ပြီး အုပ်ချုပ်ရေး အဖွဲ့ဝင်များအား ဆဲဆို၍ ရိုင်းပျသောအပြုအမူ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာသို့ အဆင့်ဆင့်သတင်းပို့ဆောင်ရွက်ခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံရှင်းလင်းပြောပြခဲ့သော်လည်း လက်မခံသဖြင့် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ လာရောက်ခေါ်ဆောင်ခဲ့ရာ မလိုက်နိုင်ကြောင်း၊ ကိုယ်ဘာသာကိုယ် ရဲစခန်းလာခဲ့မည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၎င်း၏ ဆိုက်ကားဖြင့် ရဲစခန်းသို့ရောက်ရှိလာခဲ့ပါသည်။ ထို့အတူ ၎င်း၏ အစ်မဖြစ်သူနှင့် တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးဖြစ်သူ အမျိုးသမီးဒုရဲအုပ်မှ ဖြစ်စဉ်အားမေးမြန်းနေစဉ် မူလအတက်ရောဂါရှိသူ ဦးသန်းထွန်းအေး သည် အတက်ရောဂါဖြစ် ပွားခဲ့သဖြင့် တာဝန်မှူးမှ အစ်မဖြစ်သူနှင့် အဖော်တို့အား ပြန်လည်ခေါ်ဆောင်သွားရန် ခွင့်ပြုပေးခဲ့ပြီး အစ်မဖြစ်သူမှ ကျေးဇူးတင်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျေနပ်အောင် တောင်းပန်မည်ဖြစ်ကြောင်း ပြောဆို၍ ပါလာသော ဆိုက်ကားဖြင့် ပြည်သူ့ဆေးရုံသို့ ၉ နာရီခွဲ အချိန်တွင် ရောက်ရှိခဲ့ပြီး ဆေးကုသမှုများခံယူနေစဉ် အတက်ရောဂါကြောင့် နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

    တရားမဝင်ပြည်ဖျက်မီဒီယာများသည် နိုင်ငံတော်အစိုးရ၏ နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ စစ်ပညာသင်ကြားတတ်မြောက်စေရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်နေမှုများကို ပျက်စီးစေရန် လုပ်ကြံသတင်းများ၊ ကောလာဟလသတင်းများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိသဖြင့်  ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်း အချက်အလက်များကို နိုင်ငံပိုင်မီဒီယာများမှ ထုတ်လွှင့်နေသော ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေး သတင်းများ၊ ထုတ်လွှင့်ချက်များနှင့် https://mod.gov.mm/node/74 တို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း သတင်းရရှိပါသည်။