အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
အခန်း (၁၁)
ငယ်ငယ်တုန်းက စာမကျက်သဖြင့် အတန်းထဲမှာ အပြင်ဘက်သို့ တစ်နေ့လုံး ထွက်နေရတာ၊ အိမ်တွင် ဝတ္ထုဖတ်မိတာကို အတင်းပြန်သိမ်းခံရပြီး မှားပါပြီဟု ဝန်ခံရမည်ကို ဝန်မခံသဖြင့် ရေချိုးခန်းထဲတွင် တစ်နေ့နှင့် ညတစ်ဝက် ပိတ်လှောင်ခံရတာ စသည်ဖြင့်...။
“အဲဒီမမကြူက အိမ်မှာလိမ္မာတယ်လို့ ဘွဲ့တံဆိပ် ရထားတာ၊ ကျွန်တော်နဲ့ တခြားစီပဲ၊ စာကြိုးစားတယ်၊ အဖေအမေ ချမှတ်ပေးတဲ့ စည်းကမ်းကောင်းတယ်လို့ ထင်ရတဲ့အချက်ကို လိုက်နာတယ်၊ မနက်လင်းတာနဲ့ ဘုရားသောက်တော်ရေကပ်၊ ယောဂီတဘက် လက်ကတော့ထိုး၊ တကယ့်မြန်မာဝတ္ထုတွေ၊ ရုပ်ရှင် တွေထဲက ဇာတ်လိုက်မင်းသမီးလေးတွေရှိပါရောလား၊ အဲဒီပုံစံလေးပါ အိပ်ခါနီး ဖေဖေနဲ့မေမေကို ကန်တော့၊ နေမကောင်းရင် ခြေသလုံးတွေကို ခြေဆုပ်လက်နယ် ပြု...”
ကိုလတ်က ပြုံးလိုက်သည်။ သည်တော့မှ အောင် သည် သူပြောမိဆိုမိသော ဟန်ပန်အမူအရာနှင့် လေသံကို သတိထားမိကာ ခပ်သဲ့သဲ့ ရယ်မောလိုက်မိ သည်။ အသံကို ပြန်ထိန်းလျက်...
“ကိုလတ်က ပြုံးတယ်၊ ကျွန်တော် စကားကောင်း ကောင်းပြောနေတာကို”
“မဟုတ်ပါဘူး၊ ကိုယ်သဘောကျလို့ပါ၊ ဆက်ပြော လေ” “ဒါဟာ မိဘအပေါ် လိမ္မာသိတတ်တဲ့ မိန်းကလေး မြင်ကွင်းပဲ၊ ဘယ်လောက်ချစ်စရာကောင်းသလဲ၊ အဲဒီမိန်းကလေးမျိုး ကိုလတ်သဘော မကျဘူးလား၊ ကိုလတ်တို့ ယောက်ျားတွေ သဘောကျတဲ့ပုံစံပေါ့၊ မဟုတ်ဘူးလား”
ကိုလတ်က ပြုံးပြန်သည်။
ဒေ၀ ပခုံးကို တစ်ချက်တွန့်လိုက်ပြီး ဗလမျက်နှာကို လှည့်ကြည့်လိုက်လေသည်။ ကိုအောင်သည် ဆေး လိပ်ကို အငွေ့တထောင်းထောင်းထအောင် ဖွာရှိုက်ရင်း သူ၏အတွေးတို့သည် အဝေးသို့ လွင့်နေသည်။
သူ့ကို ဝိုင်း၍ချစ်ကြသော အစ်မတွေ၊ အစ်ကိုတွေ၊ ညီတွေကြားထဲတွင် ကြီးပြင်းရသူမို့ အောင့်ကိုလည်း သူ့လို အလိုလိုက်ခြင်းခံရသော မိန်းကလေးတစ်ယောက်မို့ ဆိုးနေတာပဲဟု သာမန်အတွေးများ သည် ဘယ်အထိ မှန်မည်လဲ...”
“ကျွန်တော်လည်း မမကြူကို အစက သဘောကျခဲ့ပါတယ်၊ လိမ္မာတာပဲ၊ ဘာသဘောမကျစရာရှိလဲ၊ သူနေတာ ထိုင်တာက မိဘကြိုက်၊ ဆရာကြိုက်ပုံစံ လေးပဲ၊ ကျွန်တော် ငယ်ငယ်ကဆိုရင် သူ့ကို အားကျ ပြီး အတုတောင် ခိုးမိသေးတယ်၊ စရိုက်ချင်းက ကွဲနေ တော့ တူတော့မတူဘူးပေါ့၊ မတူတာ တစ်ချက်ပြောမယ်၊ သူက မိတ်ဆွေအပေါင်းအသင်းနည်းတယ်၊ ကျွန်တော် က မိတ်ဆွေအပေါင်းအသင်းများတယ်”
“သူ့ကြည့်ရတာ သူငယ်ချင်းတွေနဲ့ကျ တစ်ပြား အပွန်းခံပုံ မရဘူး၊ ကျွန်တော်ကျတော့ လက်ဖွာတယ်၊ အပေါင်းအသင်းတွေ စုပြီးစားကြပြီဆိုရင် ကိုယ်က အလျင် ပိုက်ဆံပေးမိပြီးသားပဲ၊ ဘယ်တော့မှ ပိုက်ဆံက မလောက်ဘူး၊ အိမ်လည်း ပြန်ဒုက္ခမပေးချင်တော့ ရှိတဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ချရောင်းရတာပေါ့”
“အဝတ်အစားဆိုရင် မမကြူက အထည် ၆၀ လောက်ရှိရင် ကျွန်တော့်မှာ အထည် ၂၀ ပြည့်အောင် ဘယ်တော့မှ မရှိဘူး။ အိမ်မှာဆိုရင် ကျွန်တော်က သိုးမည်းတစ်ကောင်ပေါ့၊ တကယ့်လူဆိုး၊ မမကြူက တကယ့်သမီးအလိမ္မာ။
ဒီတော့ မနာလိုစရာရှိရင် ကျွန်တော်ကသာ မမကြူ ကို မနာလိုရမှာပေါ့။ ကျွန်တော်က နေရာတိုင်းမှာ နိမ့်ကျနေတဲ့လူပဲ၊ ဒါပေမဲ့ တိုင်စရာရှိရင် မမကြူက ကျွန်တော့်ကို နည်းနည်းမှ မညှာဘူး၊ တိုင်ပစ်လိုက် တာပဲ၊ ကျွန်တော်ကတော့ သူ့ကို ညှာတယ်။ သူအချစ် တော်ထားတဲ့ကိစ္စကအစ သူ့မိဘဆီ မျက်နှာမလှမှာ စိုးလို့ ပြန်မတိုင်ပါဘူး။
“သူတို့အကြောင်း တစ်ကျောင်းလုံးသိတယ်၊ နောက်တစ်ခု ခြောက်ခွက်ဝင်တဲ့ ဓာတ်ဘူးကြီးတစ်ခု သူ့လက်ထဲက ကျကွဲသွားတာ ကျွန်တော့်မျက်စိရှေ့ မှာ၊ မေမေက သိပ်နှမြောတတ်တာ၊ သူ့မုန့်ဖိုးထဲက ဖြတ်မှာသေချာတယ်၊ အဲဒါ ကြောင်တစ်ကောင် ကြောင်အိမ်ပေါ်တက်လို့ဆိုပြီး ညာပြောတာ၊ ကျွန်တော် သိလျက်သားနဲ့ ပြန်မပြောဘူး။
“ကျွန်တော်နဲ့ မမကြူက အထက်အောက်ပေမယ့် အသက်က လေးနှစ်လောက်ကွာတယ်၊ အတန်းက လည်း လေးတန်းပဲ၊ သူရော၊ ကျွန်တော်ရော တစ်နှစ် တစ်တန်း မှန်မှန်အောင်ကြတယ်၊ တစ်ခုပါပဲ၊ ကျွန်တော် က တိုက်ဖွိုက်ဖြစ်လို့ ကျောင်းက ခဏထွက်လိုက်ရ တယ်၊ ဒါကြောင့် ကျွန်တော် တက္ကသိုလ်ရောက်တော့ သူဘွဲ့ရပြီးတာ တစ်နှစ်ရှိပြီ”
“ကျောင်းဆရာမအလုပ် ဝင်လုပ်နေပြီ၊ ကျွန်တော် ကျောင်းပြန်တက်တော့ ဆယ်တန်းကို တစ်နှစ်တည်းပဲ ဖြေပြီး အောင်တယ်၊ ကျွန်တော်က ဒီတစ်ခု ရှားရှား ပါးပါးပါလာပေမယ့် သူက ဒီတစ်လုံးမှမပါဘူး၊ ဒါတောင် အသေအလဲကျက်တာနော်၊ အမှတ်ကျတော့ ကောင်းကြပါတယ်၊ သူပညာရေးတက္ကသိုလ်အမှတ်မီ သလို ကျွန်တော်လည်း မီတာပါပဲ”
“ဘာဖြစ်လို့ ပညာရေးတက္ကသိုလ်မသွားတာလဲ”
ကိုအောင်က ဖြတ်မေးလိုက်သည်။
“ဟာ...ကျောင်းဆရာမအလုပ်ကို ကျွန်တော် တကယ်ပျင်းတာ၊ ကျွန်တော် ဆရာ၊ ဆရာမတွေ ကြည့်ပြီး သိပ်သနားတာပဲ၊ ပြီးတော့ ကျွန်တော့်ပုံစံနဲ့ ဆရာမလုပ်ရင် ကလေးတွေ ပျက်စီးမှာသေချာတယ်”
“ကိုယ့်ကိုယ်ကိုယ် သိသားပဲ”
ကိုအောင်က ပြောရင်း တဟားဟား ရယ်မောနေသည်။ အောင်က ကိုအောင့်အား လှမ်းကြည့်ပြီး...}}
“ကိုအောင်...ကျွန်တော့်ကို ဒီစကားပြောတာ နှစ်ခါရှိပြီနော်”
အောင်က မှတ်မှတ်ရရ ပြန်ပြောပြီးနောက်...
“ကျွန်တော် ဒီရတာကို မမကြူက ပြောလို့မဆုံးဘူး ဗျ၊ နင် ကျက်လည်း မကျက်ဘဲနဲ့ ဒီရတယ်၊ ကံကောင်း လို့၊ ကျွန်တော့်လက်ရေးတွေက လှလို့၊ ကျွန်တော်က ဖြီးတတ်လို့နဲ့ တဖွဖွ အချိန်ရတိုင်းပြောနေတာ၊ သူ့ သဘောတွေ ကျွန်တော် ရိပ်စားမိတာ ကြာပါပြီ၊ အဲဒီ တော့ ပိုပြီးသေချာသွားတာပေါ့”
ဆက်လက်ဖော်ပြပါမည်။