အစ္စရေးက ဂါဇာရှိအကြီးဆုံး ဆေးရုံကို ဝင်ရောက်စီးနင်း တိုက်ခိုက်

 

အစ္စရေးက ဂါဇာရှိအကြီးဆုံး ဆေးရုံကို ဝင်ရောက်စီးနင်း တိုက်ခိုက်

 

    အစ္စရေးစစ်ဘက်က ဂါဇာရှိ အကြီးဆုံးဆေးရုံကို ဝင်ရောက်စီးနင်း တိုက်ခိုက်လိုက်ကြောင်းနှင့် ဟားမတ်စစ်သွေးကြွ အယောက် ၉၀ ကို ချေမှုန်းလိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အစ္စရေးတို့ တိုက်ခိုက်လိုက်သော ဆေးရုံမှာ အယ်ရှီဖာဆေးရုံဖြစ်ပြီး ယင်းသို့တိုက်ခိုက်စဉ်အတွင်း  ဟားမတ်အဖွဲ့တို့  ပိုင်ဆိုင်သော ငွေကြေးအမြောက်အမြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူများ အားလုံးမှာ ဆေးရုံတွင်တက်ရောက် ကုသမှုခံယူလျက်ရှိသည့် လူနာများသာဖြစ်ကြောင်း ဟားမတ်အဖွဲ့ကပြောသည်။

ဟားမတ်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် တန်ပြန်တိုက်ခိုက်မှုများလုပ်နေသည့် အစ္စရေး စစ်ဘက်သည် အယ်ရှီဖာဆေးရုံကို တိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည့်အပြင် ထိုဆေးရုံသည်ဟားမတ်အဖွဲ့၏ ကွပ်ကဲမှုဌာနချုပ်ဖြစ်သည်ဟုလည်း အစ္စရေးတို့က ပြောသည်။

ဟားမတ်အဖွဲ့နှင့် ဆေးရုံမှတာဝန်ရှိသူများကမူ အစ္စရေး၏ ပြောဆိုချက်များသည် လုံးလုံးလျားလျား မှားယွင်းကြောင်း တုံ့ပြန်ထားပြီး ယင်းသို့တိုက်ခိုက်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းက အစ္စရေးအပေါ် အပြစ်တင်ဝေဖန်ထားသည်။

ယခုဆေးရုံကို စီးနင်းတိုက်ခိုက်မှုအတွင်း လူအယောက်  ၃၀၀  ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ဖမ်းဆီးခံရသူ များအနက် အများစုမှာ အကြီးတန်းအကြမ်းဖက် အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြောင်း အစ္စရေးစစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။