ဒိန်းမတ်က ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့သည့် ပထမဆုံး NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာမည်

 

ဒိန်းမတ်က ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့သည့် ပထမဆုံး NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာမည်

 

    ဒိန်းမတ်နိုင်ငံက ယူကရိန်းသို့ F-16 တိုက်လေယာဉ်များ ပေးပို့သည့် ပထမဆုံးသော NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

အနောက်အုပ်စုအနေဖြင့် ယူကရိန်းနိုင်ငံသို့ အဆိုပါအဆင့်မြင့် တိုက်လေယာဉ်များ ပထမအသုတ်ကို   မကြာမီလများ အတွင်းပေးပို့သွားမည်ဖြစ်ပြီး နောက်ထပ် တိုက်လေယာဉ်များကိုလည်း ယခုနှစ်ကုန်ပိုင်းတွင်   ဆက်လက်ပေးပို့ သွားဖွယ်ရှိကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ကက်ဆာအူလောင်ဂရန် ကပြောသည်။

အဆိုပါတိုက်လေယာဉ် ပထမအသုတ်အတွက် ဒိန်းမတ်နိုင်ငံက ပထမဆုံးပေးပို့မည်ဖြစ်ပြီး ယင်းနောက်နယ်သာလန်နိုင်ငံက ပေးပို့မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောထားသည်။

“ကျွန်မတို့အနေနဲ့ ဒီနှစ်နွေရာသီမှာ F-16 တိုက်လေယာဉ်တွေ စတင်ပေးပို့နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒိန်းမတ်နိုင်ငံ ကတော့ ပထမပေါ့။ ဒုတိယနှစ်ဝက်လောက်ကျရင် နယ်သာလန်ကလည်း အလားတူ ပို့ပေးပါလိမ့်မယ်”ဟု ကာကွယ်ရေးဝန်ကြီးက ယူကရိန်းသို့ရောက်နေစဉ် ပြောခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းကို လိုအပ်သည့် အကူအညီများအားလုံး ပေးရန်မလွယ်ကူကြောင်း၊ အထူးသဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ယူကရိန်းအတွက် ထောက်ပံ့ရေးဒေါ်လာ ဘီလီယံ ၆၀ မှာ လွှတ်တော်၏ အတည်ပြုချက်မရကြောင်း ၎င်းက ဆက်ပြောထားသည်။

အနောက်အုပ်စုအနေဖြင့် အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များကို ယူကရိန်းနိုင်ငံက ဝယ်ယူခွင့်ရရှိနိုင်ရေးနှင့် လေယာဉ်မှူးများကို လေ့ကျင့်ပေးရေးတို့အတွက် ပြီးခဲ့သည့်နှစ်တွင် သဘောတူထားခြင်းဖြစ်သည်။

ထိုသို့သဘောတူမှုအရ အနောက်အုပ်စုနိုင်ငံများက ယူကရိန်းနိုင်ငံသို့ F-16 တိုက်လေယာဉ် အစင်း ၄၀ အထိရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။