အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်လူမှု ဆက်ဆံရေး အထောက်အပံ့ပေးရေး ဗဟိုအဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်လူမှု ဆက်ဆံရေး အထောက်အပံ့ပေးရေး ဗဟိုအဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်  ၂၁

    အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဗဟိုအဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNICEF  Myanmar မှ တာဝန်ရှိသူများ၊   သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အခြေခံပညာရုံးများ၊ ကျောင်းများမှ အရာထမ်း သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယနေ့ခေတ် ကာလ၏ ဆန်းသစ်သည့် နည်းပညာများနှင့်အတူ   တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးကို လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ် လူငယ်များကို   ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးရာတွင် သိက္ခာရှိစွာ ပြုမူနေထိုင် တတ်အောင်  လမ်းပြသွန်သင် ပေးသွား ရမည်ဖြစ်သလို  စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုများသည်လည်း  အရေးပါသော အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပံ့ပိုးပေးနိုင်ရန် လိုအပ်ကြောင်း။

ယခုပြုလုပ်သည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ ပေးခြင်း (Mental health & Psychosocial Support in Schools) သင်တန်းတွင် တက်ကြွစွာ သင်ယူဆွေးနွေးကြပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ကြစေလိုကြောင်း၊  ပညာရေး မိသားစု၏ စုပေါင်းစွမ်းပကားဖြင့် ကျောင်းသား လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာများ   ကောင်းမွန်အောင် ဆောင်ကြဉ်းနိုင်ကြစေလိုကြောင်း၊ ပညာတတ်သည့် မျိုးဆက်များနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော   ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။