ထားဝယ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ဒုတိယနေ့ ဆက်လက်ဂုဏ်ပြုဖျော်ဖြေ

ထားဝယ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ  စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက်  ဒုတိယနေ့ ဆက်လက်ဂုဏ်ပြုဖျော်ဖြေ

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၂

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ရှေ့တန်းစခန်းများနှင့် တပ်နယ်များအလိုက် နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။

ထိုသို့ သွားရောက်ဂုဏ်ပြုဖျော်ဖြေလျက်ရှိရာ ယနေ့တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက စစ်ချီတေး၊ စစ်သည်တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်းများဖြင့် ဆက်လက်သီဆိုကပြ ဖျော်ဖြေကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စိတ်လက်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြသည်။ ထိုကဲ့သို့ လာရောက်သီဆို ဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်များမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက် လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ဒေသထွက် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။