အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဟိုပုံးမြို့နယ်၊ ကျောက်ကချား ကျေးရွာအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်

အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့်  ဟိုပုံးမြို့နယ်၊ ကျောက်ကချား ကျေးရွာအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၄  မတ် ၂၂

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ့်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ကျောက်ကချားကျေးရွာ၊ စံဖူးကျေးရွာ၊ ပါချားကလို့ကျေးရွာ၊ ဒုံလိတောင်ကျေးရွာများသို့ အဖျက်အမှောင့်လုပ်ငန်းများ  လုပ်ဆောင်ရန်အတွက် PNLO ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစတင်၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ ဝင်ရောက်နေရာယူ လှုပ်ရှားခြင်းများ လုပ်ဆောင်ခဲ့သည်။

               ထိုသို့ လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံပအိုဝ့်တိုင်းရင်းသားများအနေဖြင့်   လက်ခံနိုင်ခြင်း မရှိသည့်အတွက် တပ်မတော်သို့ သတင်းပေးပို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PNLO ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့် သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက် ယူဆောင်ခြင်းတို့ကို လုပ်ဆောင်၍ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြပြီး ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာ နေရာများ၌ ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရသည်။

               အဆိုပါ အကြမ်းဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် ကျေးရွာများအတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများ ပြန်လည်အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး၊  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ အတွက် ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ ကျောက်ကချားကျေးရွာအတွင်း   လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက ဒေသခံတိုင်းရင်းသားများနှင့် ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည်။

             ထိုသို့ ဆောင်ရွက်ပေးနေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဟိုပုံးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။