အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

“အဲဒီနှစ်မှာပဲ ကျွန်တော် ကားမောင်းတတ်တယ်၊ အမှန်က ဖေဖေတို့က သူ့ကို သင်ချင်တာ၊ သူက ကြောက်တတ်လို့မသင်ဘူး၊ ကားကလည်း ကိုယ်ပိုင်မဟုတ်ပါဘူး ကိုလတ်ရာ၊ အစိုးရပေးတဲ့ကား၊ ကျွန်တော် က ရုံးကကားမောင်းတဲ့ကိုအေးကို စည်းရုံး ပြီး ဖေဖေတို့၊ မေမေတို့အလစ်မှာ ခိုးခိုးပြီး သင်ရတာ၊  တစ်ပတ်ပဲ   သင်ရပါတယ်၊ မောင်းတတ်နေပြီ”

“ပါကင်ထိုးတာတွေ၊ နောက်ဆုတ်တာတွေဆို  နှစ်ရက်နဲ့တတ်တယ်၊ ကားက ရုံးကပေးထားတဲ့ ဂျစ်ကား၊ ရော့(ဒ်)ဂီယာနဲ့ နောက်ဟဲင်းဂီယာ (လက်ကိုင်ဂီယာ) ကားလည်း ကျွန်တော်ရအောင်  မောင်းတာပဲ၊ ကားကလည်း မောင်းတတ်ခါစဆို သိပ်မောင်းချင်တာ၊ ရန်ကုန်ရောက်ရင်   ဘကြီးလူပျိုကြီးက ဒရိုင်ဘာမရှိတော့ ကျွန်တော်ပဲ သူသွားချင်ရာကို လိုက်ပို့ပေးရတယ်”

“အဲဒါကို သူတို့လည်း သိလျက်သားနဲ့ ကျွန်တော် အိမ်ကျ ကားမောင်းခွင့်မရဘူး၊ မမကြူက ကျွန်တော့်ကို ကားမမောင်းရအောင် ကျွန်တော့်ကွယ်ရာ ကန့်ကွက်ထားတယ်၊ ကျွန်တော်မောင်းရင် သူလည်း မစီးဘူးတဲ့၊ ပြီးတော့ ကျွန်တော် ကားမောင်းသင်တာ သက်သက်မဲ့ အလေလိုက်ရအောင်လို့ဆိုတာ   လူတကာကို လိုက်အတင်းပြောတယ်”

“အဲဒီတော့ ကျွန်တော် သိပ်စိတ်ဆိုးတာပဲ၊ သူနစ်နာအောင် ကျွန်တော်ကလည်း တစ်ခွန်းမှမပြောခဲ့ရဘဲ သူက ကျွန်တော့် အကြောင်းပြောရင် နည်းနည်းမှမညှာဘူး၊ မထိခလုတ် ထိခလုတ်နဲ့ ကျွန်တော့်သိက္ခာ လေးတွေရှိသမျှကို တစ်ခါတည်း သူ့ဖိနပ် အောက်ရောက်အောင် လုပ်ပစ်တတ်တယ်၊ ကျွန်တော်က ဗြောင်သမား၊ ဗြောင်ချဲပစ်တော့ အိမ်မှာ ကျွန်တော့်လောက်ဆိုးတဲ့ လူမရှိတော့ဘူးပေါ့”

အခန်း (၁၂)

ကံ့ကော်ရိပ်က လွန်မြောက်လာပြီး ပြည် လမ်းမကို ထွက်လိုက်သည်နှင့်  လက်ပံ၊ ခရေ၊ သရက်တောအုပ်ညိုညိုတို့ကို တစ် မျှော်တစ်ခေါ်လှမ်းမြင်နေရသည်။စကြာ ပန်းပင်ချုံအုပ်မှ ပန်းဖြူဖြူလေးများသည် အကိုင်းအခက်ကြားထဲမှ   ခေါင်းပြူနေ သည်။ ဝါးရုံပင်တချို့နှင့် အကိုင်းချင်းယှက် လျက် မြရာပင်တို့သည် တနွဲ့နွဲ့ယိမ်းနေ ကြသည်။

တဖြည်းဖြည်းနှင့် ဆည်းဆာအရောင် သည် ပျောက်ကွယ်စပြုလေပြီ။

လမထွက်သေးသော်လည်း ကြယ်ရောင်တွေ လင်းစပြုလာသည်။ လမ်းမီးတိုင်ရှိ အလင်းရောင်တို့သည်    တစ်ပြိုင်နက် ဖြာ၍လင်းလာသည်။ ဒေဝနှင့်ဗလတို့က ဒဂုံဆောင်ဘက်သို့ ပြန်ရန် လမ်းခွဲသွားကြပြီဖြစ်သည်။ ကိုအောင်သည် သူ့အိမ်သို့ပြန်ရန် ကိစ္စရှိသဖြင့် ပြန်နှင့်ပြီဖြစ်သည်။

“အဆောင်ပြန်ဝင်တာ သိပ်နောက်ကျ နေမလား”

ကိုလတ်က ပူပန်စွာမေးလိုက်သည်။

အောင်သည် တစ်မျှော်တစ်ခေါ်ကြီး လမ်းလျှောက်နေရသော လွတ်လပ်သော ဘဝကို သဘောကျနေသည်။ ကိုလတ်ကို စကားတွေအများကြီးပြောမိပြန်သည်။

ဤသို့ ပြောစရာရှိတာတွေ ပြောနေခွင့် ရသမျှကာလပတ်လုံး တခြားအရာများကို အရေးမကြီးတော့ဘူးဟု ထင်လာသည်။ အားလုံးကိုမေ့ထားနိုင်သည်။

“ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့အဆောင် က   ကျောင်းအဆောင်တွေလို   ညနေ ၆ နာရီ တံခါးပိတ်တာမဟုတ်ပါဘူး၊  ည ၇ နာရီ၊ ၈ နာရီမှပြန်လည်း ရပါတယ်”

“ခု ၆ နာရီခွဲနေပြီ။ နောက်ကျလည်း ကိစ္စမရှိရင်ပြီးတာပဲ၊ ကိုယ် အဆောင်ဝထိ ပို့ပေးမယ်၊ သူများတွေပြောမှာ ကိစ္စမရှိဘူး နော်”

“မမှန်တဲ့ကိစ္စကလွဲလို့ ကျန်တာ ဘာမှ ကိစ္စမရှိပါဘူး၊ ပြီးတော့လည်း ကျွန်တော် ကိုလတ်ကို    စကားပြောစရာကျန်သေးတယ်၊  အခွင့်အရေးရတုန်း  ကျွန်တော် တော့ပြောမှာပဲ”

“ကဲ...ပြော”

အောင်က စိတ်လက်ပေါ့ပါးစွာရယ်မော မိလေသည်။   အောင်၏ဖားလျားချထား သော ကုပ်တွင်ဝဲနေသည့် ဆံပင်တိုလေး များသည် လေတွင် လွတ်လပ်စွာလွင့်နေ သည်။

စိမ်းပြာလွင်လွင်လှိုင်းကြီး အင်္ကျီလက်ပြတ်၊ စိမ်းပြာရောင်အောက်ခံတွင် မီးခိုး ဖျော့ဖျော့အကွက်တုံးလေးများ ရိုက်ထားသော ထဘီဆင်၊ အဖြူရောင်သည်းကြိုး ဖိနပ်ပြားလေးနှင့်အောင်သည် ညဧကရီ တစ်ပါးပမာ တောက်ပသစ်လွင်နေသည်။

“ကျွန်တော် ဒီအကြောင်းတွေကို ကိုလတ်ကို ပြောချင်နေတာ၊ ခုမှ စကားဆုံ သွားလို့မဟုတ်ပါဘူး၊ ပြောချင်နေတာကြာပြီ၊  ကျွန်တော်နဲ့ချောစု  တစ်ညတုန်းက ဆရာပါရဂူပြန်တဲ့ ဗုဒ္ဓဒိုင်ယာရီစာအုပ်ထဲက စာသားတွေကိုသဘောကျပြီး ဆွေး နွေးကြသေးတယ်”

“ဘယ်ဥစ္စာလဲ”

“သြော်...ကမ္ဘာလောကမှာ ရောဂါတစ်ခုရှိတယ်တဲ့၊ ဒီရောဂါဟာ အသုံးမဝင်တဲ့ လူတွေကို ပူဇော်ခြင်းပဲတဲ့၊ ဆီလျော်လား၊ မဆီလျော်လားတော့မသိဘူး၊ ကျွန် တော်ကတော့ ကိုယ်လိုရာဆွဲပြီး တွေးတာ ပဲ၊ ဥပမာ-မမကြူဆိုပါတော့၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မိဘရိုသေ၊ ဆရာရိုသေ သူကိုယ်တိုင်က သိက္ခာရှိရှိ ဆရာမလေးဖြစ်လာတဲ့ ဗိုင်းကောင်းကျောက်ဖိ မိန်းကလေး”

“အင်္ကျီတောင် လက်ပြတ်ဘယ်တော့မှ ဝတ်တာမဟုတ်ဘူး။ လက်ရှည်လေး၊ ဆံပင် က မြန်မာဆန်ဆန်ဆံထုံးနဲ့၊ ဆရာမလည်း ဆရာမကိုး၊ ကျောင်းကောင်စီတွေ၊ ဘာတွေ မှာလည်း သူက ရှေ့တန်းက”

“ဒါပေမဲ့ အရေးရယ်၊ အကြောင်းရယ် ပြဿနာတွေဖြစ်လာတဲ့    ကျောင်းသားတွေဘက်က  သူဘယ်တော့မှမနေဘူး။ ကျောင်းအုပ်ကို   မျက်နှာလုပ်နေတာပဲ၊ ကျောင်းအုပ်ကလည်း   သူ့ကိုသိပ်ကြိုက်တယ်”

“ဒါမကောင်းဘူးလား”

“နေဦး ကိုလတ်၊ ကျွန်တော့်စကားကို ဖြတ်ပြီးမပြောနဲ့ဦး၊ ကျွန်တော်ပြောမယ်၊ သူလုပ်လိုက်လို့ ကျောင်းကမထွက်သင့်ဘဲ အထုတ်ခံရတဲ့ကျောင်းသားတွေ   တော် တော်များတယ်၊ အဲဒါ လူတိုင်းသိတဲ့ကိစ္စ မဟုတ်ဘူး”    

ဆက်လက်ဖော်ပြပါမည်။