ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄)ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄)ကျင်းပ

 

ပဲခူး မတ် ၂၂

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အသေးစား၊ အငယ်စားနှင့်  အလတ်စား(MSMEs)စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၄) ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြား ရှင်းလင်းခဲ့ပြီး ဒေသထွက်ကုန်များအား တိုင်းဒေသကြီးမှတစ်ဆင့်  ပြည်တွင်းဈေးကွက်သို့ ချဲ့ထွင်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး မျှော်မှန်း ဆောင်ရွက်သွားရန်လိုကြောင်း၊ MSMEs လုပ်ငန်းရှင်များ အတွက်လည်း လွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အခွင့်အလမ်း များ ဖန်တီးပေးသွားရမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံပဲမျိုးစုံ ထွက်ရှိရာဒေသလည်း ဖြစ်၍ အသေးစားဆီစက်များ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်ရေးနှင့် ရှိပြီးသား ဆီစက်များကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု(OROP)အဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အပြင် စိုက်ပျိုး ထွက်ရှိလာသည့် သီးနှံများအား စားသုံးနိုင်ရေး ဈေးကွက်သို့တိုက်ရိုက် တင်ပို့ရောင်းချခြင်းနှင့်အတူ ပိုလျှံသီးနှံများ လေလွင့်မှုမရှိစေရေး အခြောက်ခံခြင်း၊   ယိုပြုလုပ်ခြင်း၊ အမှုန့်ပြုလုပ်ခြင်းစသည့်တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့်   ဖွင့်လှစ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  ထုတ်လုပ်သည့် စားသုံးကုန်များ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက်  FDA  ထောက်ခံချက် ရရှိရေးနှင့် ခရိုင်/မြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေး လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ အဖွဲ့များအနေဖြင့် မြို့နယ်အလိုက် MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများအား ဖြေရှင်းဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး  အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များ နှင့် ခရိုင်^မြို့နယ် အသေးစား၊ အငယ်စား နှင့် အလတ်စား (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌများက မြို့နယ်အလိုက် MSMEs လုပ်ငန်းရှင်များ အသင်းဝင်ကတ် ရရှိရေး၊ ချေးငွေ ထုတ်ချေးပေးထားမှု၊ FDA ထောက်ခံချက်ရရှိရေးနှင့် MSMEs စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) စီးပွားရေး လုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများနှင့် သီးခြား လိုအပ်ချက်များအား အကြံပြုရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။