ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာ အခမ်းအနား ကျင်းပ

 

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာ အခမ်းအနား ကျင်းပ

 

နေပြည်တော်  မတ်  ၂၂

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးတို့အား အမှူးထား၍  ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊  ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပသည်။

အလှူတော်မင်္ဂလာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး၊  ဒုတိယဝန်ကြီး  ဦးရဲတင့်နှင့်ဇနီး၊  အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊   ဌာနဆိုင်ရာအကြီးအကဲများနှင့် ဇနီးများ၊  ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော    ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး အမှူးပြုသည့် အလှူ့ရှင်၊ အလှူ့အမ ဝန်ထမ်းမိသားစုများသည် ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက်  မြန်မာ့ဆိုင်းဝိုင်းကြီးနှင့်အတူ အနုပညာရှင် ဒိန်းဒေါင်နှင့် ရွှေတံဆိပ်ဆုရှင် ဇော်လင်းတို့က ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး အမှူးပြု သည့် အလှူ့ရှင်၊ အလှူ့အမ ဝန်ထမ်းမိသားစုများက မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာနှင့်အညီ  ရှင်လောင်းထုတ်ခြင်း အစီအစဉ်ကို  ဆောင်ရွက်ကြသည်။

ယင်းနောက် ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များသည်   သတ်မှတ်လမ်းကြောင်း အတိုင်း လှည့်လည်၍  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ပြီး ဦးခိုက်ကန်တော့ခြင်းနှင့် ရှင်လောင်းလှည့်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ ရှင်သာမဏေလောင်းများသည်  ရွှေနံ့သာရပ်ကွက်ရှိ  ရွာတော်ရှင်နတ်နန်းသို့သွားရောက်ပြီး   နတ်အပူဇော်ခံကြသည်။  

ထိုသို့ ရှင်လောင်းလှည့်လည်အပြီး ဝန်ကြီးရုံး အလှူတော်မင်္ဂလာ ခန်းမအပြင်တွင် စုစည်း၍ ရှင်လောင်းသွင်းခြင်း အစီအစဉ်ကို ထုံးတမ်းစဉ်လာနှင့်အညီ ဆက်လက်ဆောင်ရွက်ကြသည်။

ယင်းနောက် ရဟန်းလောင်း၊ သာမဏေ လောင်းများ၊ မိဘဆွေမျိုးများ၊ ဖိတ်ကြားထား သည့်ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ဆက်လက်၍  ဘိသိက်သွန်းခြင်းမင်္ဂလာ အစီအစဉ်ကို ကျင်းပသည်။

ထို့နောက်   သက်ဆိုင်ရာဌာနအလိုက် ကုသိုလ်ပြုဆောင်ရွက်ကြမည့် ဘုန်းတော်ကြီး ကျောင်းများ၌ ဆံချခြင်း၊ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းစည်းခြင်း၊ သီလရှင်လောင်းများအတွက် သီလရှင်ပြုဖွယ် ကိစ္စရပ်များ ဆောင်ရွက်ခြင်းနှင့် ရဟန်းလောင်းများ ဥပသမ္ပကံဆောင်ခြင်းတို့ကို ဆောင်ရွက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အလှူတော်မင်္ဂလာနေ့ မတ်လ  ၂၃ ရက်တွင်  ရဟန်းလောင်းများ   သိမ်တက်ခြင်း၊ သိမ်ဆင်းလောင်းလှူခြင်း၊  အလှူတော်မင်္ဂလာ တရားနာယူခြင်း၊ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊  ရေစက်ချအမျှအတန်း ပေးဝေခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ အလှူရှင်များ၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့ကျင်းပသော ပြန်ကြားရေးဝန်ကြီး ဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနား၌ ရဟန်း ၃၃ ပါး၊ ရှင်သာမဏေကိုးပါး၊ သီလရှင်ခြောက်ပါး စုစုပေါင်း ၄၈  ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။