ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်  ၂၂

    ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊   ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းပြီး လူမှုကွန်ရက် စာမျက်နှာများ၌  မဟုတ်မမှန်သတင်းတု၊ သတင်းမှားများ ဖြန့်ဝေရေးသားနေသည့်အတွက် ဝန်ထမ်းများ အယုံမလွယ်စေရန် ယနေ့အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ယခုလတ်တလော အသစ်ပြဋ္ဌာန်းလိုက်သော  ဥပဒေမဟုတ်ဘဲ  မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၉ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း၊ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ၂၀၂၄  ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ ယင်းပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်းကိုသာ အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို လက်တွေ့ ကျင့်သုံးလျက်ရှိကြောင်း။

နိုင်ငံသားတိုင်းသည်   ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကိုစောင့်ထိန်းရန် တာဝန်ရှိကြောင်း၊ ယင်းအပြင် စစ်ပညာသင်ကြားရန်နှင့် လိုအပ်ပါက   နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတော်၏ စီးပွားရေး၊ လုံခြုံရေးတို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက်   နိုင်ငံသားများ အားလုံးတွင် တာဝန်ရှိကြောင်း။

ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ   အချက်အလက်များကို တရားဝင်ထုတ်ပြန်သည့် သတင်းဌာနများ၏ ထုတ်ပြန်ချက်များ၌သာ  လေ့လာကြရန် လိုအပ်ကြောင်း၊ ထို့အတွက် ယနေ့ဆွေးနွေးပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး   နိုင်ငံအကျိုး၊ ဝန်ကြီးဌာနနှင့် ပြည်သူ့အကျိုးအတွက် ဦးလည်မသုန်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက်   ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က  ပြည်သူ့စစ်မှုထမ်း ဥပဒေပါ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်း၏ ရည်ရွယ်ချက်များ၊  ပြည်သူ့စစ်မှုထမ်းဥပဒေပါ အချက်အလက်များအား  အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။