မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေး စနစ်စတင် အသုံးပြုခြင်း အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်

 

မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေး စနစ်စတင် အသုံးပြုခြင်း အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်

 

နေပြည်တော်  မတ်  ၂၂

    မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြန်မာအလိုအလျောက် ကုန်စည် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) စတင်အသုံးပြုခြင်း   အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၂) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား၌ ကျင်းပရာ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ ထိုင်းနိုင်ငံ  အကောက်ခွန်ဦးစီးဌာန  မယ်ဆိုင်မြို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ   တက်ရောက်ကြသည်။

အခမ်းအနားတွင်   ဒုတိယဝန်ကြီးက MACCS စနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ်မှစ၍  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင်   ရန်ကုန်ဧရိယာ၌    စတင်အသုံးပြုနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ကုန်သွယ်မှု ပမာဏများပြားသည့် နယ်စပ်ဒေသများသို့  တိုးချဲ့အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် မြဝတီမြို့၊ ၂၀၂၂ ခုနှစ်တွင် မူဆယ် မြို့နှင့် ချင်းရွှေဟော်မြို့တို့တွင် တိုးချဲ့အသုံးပြုနိုင်ခဲ့ကြောင်း၊ ယနေ့မှစ၍ တာချီလိတ်မြို့တွင် MACCS စနစ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်သည့် အတွက် ကုန်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာများကို အသုံးချပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပိုမိုကောင်းမွန်သော ကုန်သွယ်မှု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့်  အစဉ်တစိုက် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း။

 ကုန်စည်ရှင်းလင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်  ယခုကဲ့သို့  အလိုအလျောက် ဆောင်ရွက်နိုင်သော စနစ်များဖြင့် ဆောင်ရွက်နိုင်သည့်အတွက် ကုန်သွယ်မှု ကိန်းဂဏန်း အချက်အလက်များကို တိကျမှန်ကန်စွာရရှိနိုင်ခြင်း၊  အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊    ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် အကောက်ခွန်ဝန်ထမ်းများအတွက်  လုပ်ငန်းများကို ပိုမိုလျင်မြန်ပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  ယခု တာချီလိတ်နယ်စပ်ဒေသ၏  ကုန်သွယ်မှုပမာဏမှာ တိုးတက်များပြားလာသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံမှပို့ကုန်များ    ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် လည်းကောင်း၊ ထိုင်းနိုင်ငံမှ သွင်းကုန်များ မြန်မာနိုင်ငံသို့ တင်သွင်းရာတွင် လည်းကောင်း MACCS စနစ်ကို အသုံးပြုနိုင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ လျင်မြန်သွက်လက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။ 

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အကောက်ခွန်ဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုထက်က   MACCS စနစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် “တာချီလိတ်နယ်စပ်ဒေသ၌ MACCS စနစ် စတင်အသုံးပြုခြင်း}} အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး MACCS စနစ်ဖြင့် ပို့ကုန်သွင်းကုန် စိစစ်ခြင်း လုပ်ငန်းဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင်   ဒုတိယဝန်ကြီးသည် တာချီလိတ်မြို့နယ် အကောက်ခွန် ဦးစီးဌာနရုံး၌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ တာချီလိတ်ခရိုင်/မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများကို   တွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကို ရှင်းလင်းဆွေးနွေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ  ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်သည်။

ထိုမှတစ်ဆင့်   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားနှင့် မြန်မာ့စီးပွားရေးဘဏ်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး  တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြမှု၊ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။