အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

“နေဦး ကိုလတ်၊ ကျွန်တော့်စကားကိုဖြတ်ပြီးမပြောနဲ့ဦး၊ ကျွန်တော် ပြောမယ်၊ သူ လုပ်လိုက်လို့ ကျောင်းက မထွက်သင့်ဘဲ အထုတ်ခံရတဲ့ ကျောင်းသားတွေ တော်တော်များတယ်၊ အဲဒါ လူတိုင်းသိတဲ့ကိစ္စမဟုတ်ဘူး”

“ကျောင်းသားတွေအပေါ်လည်း သူက ပါးစပ်လေးချိုတော့ ကျောင်းသူ၊ ကျောင်းသားတွေက ကျေနပ်တာများတယ်၊ နာမည်ဆိုးတော့ ကျောင်းအုပ်က နာမည်ဆိုးတာပေါ့။”

“ကျွန်တော် နောက်ဥပမာပေးဦးမယ်၊ ကျွန်တော့်အိမ်ကိစ္စဆိုပါတော့၊ အိမ်မှာ ဖေဖေက ခရီးထွက်တယ်၊ အစ်မတွေ၊ အစ်ကိုတွေကလည်း သူ့ အိမ်ထောင်နဲ့သူ အိမ်ခွဲကြပြီ၊ မေမေရယ်၊ ကျွန်တော်ရယ်၊ သူရယ် ကျန်ရစ် တော့ မေမေက ည ၉ နာရီမှာ အိမ်သာအဝင် မူးလဲတယ်၊ သွေးတိုးရှိတာ ကိုး၊ အဲဒါ သူရယ်၊ ကျွန်တော်ရယ် မေမေ့ကို ခုတင်ပေါ် ကျွန်တော့် အဒေါ်တစ်ယောက်အကူအညီနဲ့ ပွေ့တင်ရတယ်၊ နယ်မှာဆိုတော့ ဖုန်း ကလည်းမရှိ။”

“ဖေဖေကလည်း ကားယူသွားတယ်၊ ဆရာဝန်ကလည်း ကိုယ်တိုင်သွား ပင့်မှဖြစ်မှာ၊ အဲဒါ ကြောက်လို့တဲ့ မလိုက်ဘူး၊ အဒေါ်နဲ့နေရစ်တယ်၊ ကျွန်တော်အိမ်နားက ကလေးတစ်ယောက်ကိုခေါ်ပြီး ဆရာဝန်သွားပင့်ရတယ်၊ တစ်လမ်းလုံး ကျွန်တော့်အမေအတွက် စိတ်ပူပြီးငိုသွားတာ။”

“ဒါတွေကို ဘယ်သူမှသိအောင် ကျွန်တော်ပြန်မပြောပါဘူး၊ သချိူင်း ကုန်းကိုဖြတ်တော့ ခွေးတွေက အူလိုက်တာ၊ ကျွန်တော် ကြောက်လိုက် တာမပြောပါနဲ့၊ ဒါတွေကို မျက်နှာရအောင် ပြန်ပြောရမှာ ကျွန်တော် သိပ်ရှက်တာပဲ။”

“မေမေ သတိရပြီး နေပြန်ကောင်းတော့ ကျွန်တော်ကက်ဆက်ဖွင့် နားထောင်နေတဲ့မြင်ကွင်းနဲ့ မမကြူက ဘုရားရှေ့မှာ ပုဆစ်လေးတုပ် ထိုင်ပြီး မေမေ့အတွက် ပန်းသက်စေ့ကပ်နေတဲ့ မြင်ကွင်းကို ယှဉ်စရာ ဖြစ်လာပြန်တော့ မမကြူဟာ”ချစ်သမီး” ရုပ်ရှင်ကား ရိုက်တော့တာပေါ့}}

သည်တစ်ခါတော့ ကိုလတ်သည် ပြုံးရုံမက ဟက်ဟက်ပက်ပက်ရယ် မောမိလေသည်။ သည်တော့ အောင်သည် သူ့လွယ်အိတ်နှင့် ကိုလတ် ကျောကို လှမ်းရိုက်ကာ...

“ကျွန်တော် တကယ်ပြောတာ၊ အဲဒီရုပ်ရှင် ကျွန်တော်ငယ်ငယ်တုန်းက ကြည့်ဖူးတယ်၊ ဝါဝါ၀င်းရွှေလား၊ ဦးကျောက်လုံးလား အကယ်ဒမီရသွား တာ၊ ကျွန်တော်ဆို ကျောင်းပိတ်လို့ အိမ်ပြန်ရင် အဲဒီဇာတ်ကို ပြန်ခင်း တာ၊ အသံတုန်တုန်ရှိုက်သံနဲ့ ဖေဖေ...သမီး...အပြန်အလှန်ခေါ်ရတာ သိပ်အရသာရှိတာပဲ၊ ကျွန်တော် အဲဒါကိုပြန်အမူအရာလုပ်ပြရင် မမကြူက သူ့ကို ဆဲသလိုပဲ သိပ်နာတာ၊ ကျွန်တော်ကတော့ ပြတ်တယ်၊ သမားရိုးကျမိဘမေတ္တာတွေ ရိုက်ရိုက်ပြတဲ့ မြန်မာကားတွေ၊ ကုလားကားတွေ ဘယ်တော့မှ မကြည့်ဘူး၊ အိမ်သားတွေကြည့်ရင်လည်း ဘယ် တော့မှ လိုက်မသွားဘူး”

“သူတို့ ကျွန်တော့်ကို နားမလည်ပါဘူး ကိုလတ်ရယ်၊ ကျွန်တော်က မိဘတစ်ဦးတည်းကို အလုပ်အကျွေးပြုမယ့်မိန်းမမှမဟုတ်တာ၊ ကျွန်တော် ဆယ်တန်းအောင်သွားပြီး အထွန်းနဲ့ ကျွန်တော် ကျောင်းပိတ်ရက်တွေမှာ စာတွေဖတ်လာတဲ့နှစ်က ကျွန်တော့်အသက်၊ ကျွန်တော့်ဝိÓဉ်၊ ကျွန်တော့် ခန္ဓာကိုယ်၊ ကျွန်တော့်အသွေးအသားတွေကို ကျွန်တော် သိပ်ချစ်တဲ့ တိုင်းပြည်အတွက် လှူမယ်ဆိုပြီး အထွန်းနဲ့ကျွန်တော် လက်မောင်းသွေး ဖောက်ပြီး သစ္စာဆိုကြတယ်”

“ဟုတ်လား အောင်၊ ထူးဆန်းလှချည်လား”

ကိုလတ်က အောင့်ကို အံ့သြမိပြန်သည်။

အခန်း (၁၃)

“ကိုလတ်ကတော့ ကျွန်တော့်ကို ရယ်မှာပဲ”

“မရယ်ပါဘူး၊ ဒါ ရယ်စရာမှ မဟုတ်ဘဲနဲ့”

“ကျွန်တော်တို့ကို စိတ်ကူးယဉ်တယ်၊ ရူးတယ်လို့လည်း ပြောချင်ပြော ကြမှာပေါ့၊ ကျွန်တော်ကတော့ ကျွန်တော့် မိဘတစ်ဦးတည်းအတွက်ထက် ကျွန်တော့် တိုင်းပြည်မှာရှိတဲ့ မိဘတွေအားလုံးအတွက် အနစ်နာခံချင်တာ၊ ကျွန်တော် ကြီးကျယ်တဲ့ စကားကိုပြောတာမဟုတ်ပါဘူးနော်၊ ဒါ ကျွန်တော့် စေတနာပါ။”

“လက်တွေ့လုပ်နိုင်တာ မလုပ်နိုင်တာ၊ လုပ်ခွင့်ရတာ မရတာ အပထား လို့ပေါ့၊ ဒီအကြောင်းကို ချောစုကလွဲလို့ ဘယ်သူမှ ကျွန်တော်မပြောသေး ပါဘူး၊ ကိုလတ်ကို ခုဒုတိယအကြိမ်ပြောတာပဲ၊ ကျွန်တော်ပြောချင်တဲ့ သဘောကို ကိုလတ်လည်း သိမှာပေါ့”

“ဒါပေါ့ အောင်၊ အများအတွက် အနစ်နာခံတဲ့တန်ဖိုးဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး၊  ကိုယ့်မိသားစု တစ်ကွက်တည်း  အရေးကိုပဲကြည့်တဲ့လူ လောက်  တစ်ကိုယ်ကောင်းဆန်တဲ့လူ မရှိဘူးလို့  ကိုယ်တို့ယူဆတာပဲ၊ မိဘလုပ်ကျွေးတယ် ဆိုတာကတော့ မင်္ဂလာတရားတော်နဲ့ ညီပါတယ်။”

“ဒါကို ကိုယ်တို့ မငြင်းပါဘူး၊ ဒါပေမဲ့ ကိုယ့်ရပ်ကွက်မှာ  အိမ်မီး လောင်နေတယ်ဆိုရင် ကိုယ့်အိမ်တစ်လုံးတည်းကွက်ပြီး ရေစိုအဝတ်တွေ အုပ်ထားလို့မရဘူး၊ မီးပြင်းလောင်နေတဲ့၊ အနီးဆုံးလောင်နေတဲ့ အိမ်ကို ပြေးပြီး မီးငြှိမ်းပေးရမှာပဲ၊ ဒီအိမ်ထဲမှာ ကလေးတွေရှိမယ်၊ မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ လူတွေရှိကြမယ်ဆိုရင် ကိုယ့်အိမ်က သေကောင်ပေါင်းလဲ အမေကို ပစ်ထားတန် ပစ်ထားရမှာပဲ၊ လူအများစု အသက်အိုးအိမ်စည်းစိမ် အတွက် အမေ့အသက်နဲ့ လဲတန်လဲရမှာပဲ”

“ကိုလတ်ပြောတာ ကျွန်တော်တော့ ခိုက်သွားပြီ၊ ဒီဥပမာ ချောစုကို ပြန်ပြောရဦးမယ်”

အောင်သည် ကလေးတစ်ယောက်အမူအရာမျိုးနှင့် တက်တက်ကြွကြွ ရှိနေသည်။ ကိုလတ်သည် အောင်၏ တက်ကြွသော အမူအရာကိုကြည့်ရင်း အတွေးများနှင့် သူ့မျက်လုံးများ ငေးသွားလေသည်။

ဆက်လက်ဖော်ပြပါမည်။