မော်စကို ကပွဲခန်းမ အကြမ်းဖက် တိုက်ခိုက်မှုလုပ်သူများက ယူကရိန်းဘက်နှင့် အဆက်အသွယ်ရှိ

 

 

မော်စကို ကပွဲခန်းမ အကြမ်းဖက် တိုက်ခိုက်မှုလုပ်သူများက ယူကရိန်းဘက်နှင့် အဆက်အသွယ်ရှိ

 

    ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကပွဲခန်းမတစ်ခု  အကြမ်းဖက် တိုက်ခိုက်ခံရမှုကို လုပ်ဆောင်သူများသည် ယူကရိန်းနိုင်ငံဘက်နှင့် အဆက်အသွယ်ရှိကြောင်း ရုရှားထောက်လှမ်းရေး အဖွဲ့က  ထုတ်ပြန်ထားသည်။

မတ်လ ၂၂ ရက်တွင် မော်စကိုမြို့ရှိ ခရိုကတ်ကပွဲရုံကို သေနတ်သမားများက  အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၄၃  ဦး အထိရှိလာပြီဖြစ်ကြောင်း  ရုရှားတာဝန်ရှိသူများက မတ်လ ၂၃ ရက်တွင်ပြောသည်။

တစ်ချိန်တည်းမှာပင်   အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်သူ သေနတ်သမားလေးဦး စလုံးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်က ပြောသည်။

ရုရှားထောက်လှမ်းရေးအဖွဲ့သည် အဆိုပါသေနတ်သမားလေးဦး အပါအဝင်  လူ ၁၁  ဦးကို ဖမ်းဆီးထားနိုင်ပြီး စစ်ကြောရေးများ လုပ်ဆောင်လျက်ရှိသည်။

ထောက်လှမ်းရေးအဖွဲ့၏ ပဏာမစစ်ကြောချက်အရ သေနတ်သမားများသည် ထိုသို့အကြမ်းဖက် တိုက်ခိုက်မှုကို လုပ်ဆောင်ရန် စေ့စေ့စပ်စပ်  ကြိုတင်စီမံထားကြောင်း၊ တိုက်ခိုက်မှုတွင် အသုံးပြုမည့်သေနတ်များကို ကြိုတင်ဝှက်ထားခြင်း ဖြစ်ကြောင်း တွေ့ရသည်။

အကြမ်းဖက်သမားများသည် တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် ကားတစ်စီးဖြင့် ရုရှား-ယူကရိန်း နယ်စပ်သို့ထွက်ပြေးရန် ကြိုးပမ်းကြောင်း၊ သို့သော်  ပူးပေါင်းတပ်ဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် အကြမ်းဖက်သမား လေးဦးစလုံးကို    ဖမ်းဆီးရရှိခဲ့ကြောင်း၊ အကြမ်းဖက်သမားများသည်  နယ်စပ်ကိုဖြတ်ကျော်ရန် ကြိုးပမ်းကြောင်းနှင့်  တစ်ဖက်နိုင်ငံတွင်  အဆက်အသွယ်များ ရှိကြောင်း  စစ်ကြောချက်များ အရ သိရသည်ဟု  ရုရှားထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်သည်။  အကြမ်းဖက်သမားများသည် မတ်လ  ၂၂ ရက် ညနေပိုင်းတွင်  ကပွဲခန်းမအတွင်းသို့ ဝင်ရောက်ကာ  တွေ့ကရာမြင်ကရာများကို  ပစ်ခတ်ကြောင်းနှင့်  မီးလောင်ဗုံးများကိုလည်း ပစ်ခတ်ကြောင်း သိရသည်။