ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်တို့၌ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုအားပေး

 

ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်တို့၌ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကြည့်ရှုအားပေး

 

နေပြည်တော်  မတ်  ၂၃

    သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနသည် လူငယ်များကို   တိုင်းပြည်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အမှန်တကယ် အထောက်အကူ ပြုနိုင်မည့် နိုင်ငံ့အင်ဂျင်နီယာကောင်းများ အဖြစ်  ပျိုးထောင်ပေးလျက်ရှိရာ  ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မတ်လ ၂၁ ရက်က ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် အင်ဂျင်နီယာ ဘာသာရပ်နှင့် သင်တန်းနှစ်များ အလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ  အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးရန်၊စာမေးပွဲစည်းကမ်းများနှင့် အညီ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အတွက် တာဝန်ရှိသူအားလုံး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။  

ယင်းနောက်   ဒုတိယဝန်ကြီးသည် ပင်မဆောင်၊ လက်တွေ့ခန်းများ၊ အဆောင်များ၊ တက္ကသိုလ်ဥပဓိရုပ် တင့်တယ်စေရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို အမျိုးသားရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် အဓိကစွမ်းအားစုများအဖြစ်  အထောက်အပံ့ပြုနိုင်မည့် အရည်အသွေးပြည့်မီသော မျိုးဆက်သစ် အင်ဂျင်နီယာကောင်းများ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး၊ နောက်ဆုံးပေါ် နည်းပညာအရွေ့တို့နှင့်အတူ လိုက်ပါနိုင်ပြီး ပြည်သူ့အကျိုးပြုသုတေသနများဖြင့်    ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ရပ်ဝန်း ဖြစ်လာစေရေး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို ရောက်ရှိကာ စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို    ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တိုင်းကျိုးပြည်ပြု IT သုတေသန စီမံကိန်းများကို   ထိရောက်အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်က အားထားရသော ထူးချွန်သည့် IT ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊ ပြည်သူ့ရေရှည်အကျိုး စီးပွားအတွက် IT ဆန်းသစ်တီထွင်မှုများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် သုတေသနရလဒ်များကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး ပင်မဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်ကို  ကြည့်ရှုစစ်ဆေးကာ နိုင်ငံတကာ အဆင့်မီစေရေး၊ သတ်မှတ်ကာလအတွင်း   လုပ်ငန်းပြီးစီးအောင် တည်ဆောက်ရေးနှင့် လိုအပ်သည်များကို မှာကြားကြောင်း သိရသည်။