အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
“ကိုယ်ကတော့ ကံကောင်းတယ်လို့ ပြောရမလားပဲ၊ မောင်နှမနှစ်ယောက်တည်း ပဲရှိတယ်၊ အဖေရော၊ အမေရော၊ နှမလေး ကရော ကိုယ့်ကို သိပ်အရေးပေးကြတယ်”
ကိုလတ်ရင်ထဲတွင်လည်း ပြောချင်သောစကားတွေ ရှိလိမ့်ဦးမည်ဟု အောင် ကတွေးသည်။ မိခင်၊ ဖခင်တို့၏ချစ်မြတ်နိုး သော တစ်ဦးတည်းသောသား၊ နှမငယ်၏ လေးစားဖွယ်ရာ တစ်ဦးတည်းသောအစ်ကို၊ ဓာတုဗေဒနှင့်ဘွဲ့ရပြီး အချိန်ပိုင်း နည်းပြဆရာ။
ထို့နောက် ညနေပိုင်းတွင် မိတ်ဆွေ တချို့နှင့်အတူ အရပ်ထဲ ကျူရှင်ဖွင့်ထား သည်။ ရရစားစား ဘဝပေပဲ။ အဖေက နိုင်ငံရေးသမား၊ အမေက ကျောင်းဆရာမ၊ သည်အမေက တစ်သက်လုံး ကိုယ့်ဝမ်း ကိုယ်ကျောင်းရပြီး ကလေးတွေကို လူလားမြောက်အောင် ရှာဖွေပေးရသူ၊ မိဘ ကျော ထောက်နောက်ခံ ပြစရာရယ်လို့မရှိ။
ကိုအောင်ကတော့ ကြေးရတတ် ကုန် သည်မိဘက မွေးဖွားလာသည်။ သူ့တွင် အစ်မသုံးယောက်၊ ညီသုံးယောက်ရှိသည်။ သူကား အလယ်လူ။ မိဘ၏စီးပွားရေး လုပ်ငန်းဖြစ်သော ဆေးပြင်းလိပ်လုပ်ငန်း ကို ကူညီရသည်။
သို့သော်လည်း အိပ်ချိန်မှအပ သူ၏ ကိုယ်ပိုင်အချိန်သုံးပုံနှစ်ပုံသည် ကိုလတ် နှင့်တွဲနေသည်နှင့်သာ အချိန်ကုန်သည်။ တိတိကျကျပြောရလျှင် တစ်နေ့နှစ်ဆယ့် လေးနာရီတွင် အိပ်ချိန်ခြောက်နာရီထား၊ ကိုလတ်နှင့် ကိုအောင်တို့ အိပ်ချိန်မှာနည်း သည်။
ညနှစ်နာရီအထိစာဖတ်ကြပြီး နံနက်ရှစ်နာရီလောက်မှ အိပ်ရာထကြမြဲ။ ဒါ နှစ်ယောက် စလုံးရဲ့ ဇယားကိုက်အိပ်ချိန်။ ကျန်ဆယ့်ရှစ်နာရီတွင် ဆယ့်နှစ်နာရီတည်း ဟူသော စုစုပေါင်းအချိန်တွေသည် ကိုလတ် နှင့် ကိုအောင်တို့ ပူးပေါင်းသောအချိန်။
စာရေးဆရာ၊ ကဗျာဆရာအိမ်တွေ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ တောင် ဥက္ကလာပ၊ တာမွေ၊ ကျောက်မြောင်း၊ ကြည့်မြင်တိုင်၊ ဗားကရာ၊ စမ်းချောင်း၊ ရန်ကုန် မြို့လယ်အနှံ့စာပေ၊ ဘလောက်တိုက်တွေ မရောက်ဖူးတာမရှိ။
တက္ကသိုလ်ပရိဝုဏ်တွင်း၌လည်း ကို လတ်နှင့်ကိုအောင်တို့ နေရာမလပ် ခြေရာ ထပ်ခဲ့သည့်နေရာတွေမှာ ကြက်မတစ်ဝပ်စာပင် ကျန်နိုင်ဖွယ်မမြင်။ အင်းလျားနှင့် မာလာစားသောက်ဆိုင်၊ အီကိုကန်တင်း တို့ကို စားကျက်ထား၍ ဘီအိုစီလက်ဖက် ရည်ဆိုင်၊ ဦးချစ်ဆိုင်တို့ကား ကိုလတ်နှင့် ကိုအောင်တို့၏ အိမ်ပိုင်၊ မြေပိုင်ထင်မှတ် လောက်သည်။ ၃၃ လမ်း လက်ဖက်ရည် ဆိုင်သည်လည်း ဘဝအစိတ်အပိုင်းတစ်ခု။
ကိုလတ်နှင့်ကိုအောင်တို့ကို သူတို့ အပေါင်းအသင်းများက ဘယ်တော့မှ ခွဲပြီး မမြင်ကြ။ နှစ်ကိုယ့်တစ်ဘ၀ သို့မဟုတ် နှစ်ကိုယ့်တစ်စိတ်၊ ဝိညာဉ်တစ်ခုတည်းသာ ရှိသော ခန္ဓာရုပ်အဖွဲ့အစည်းနှစ်ခု။
သူတို့နှစ်ယောက် အိမ်ထောင်ပြုကြလျှင်တောင် အိမ်ထောင်ဖက်တွေက နား လည်ရမည့်ယောကျ်ားမျိုးတွေ။ ဒေဝနှင့် ဗလတို့က သူတို့နှစ်ယောက်ကို ရင်ချင်း ဆက်အမြွှာဟုပင် ခေါ်ကြသည်။
ဒေဝနှင့်ဗလတို့ကတစ်တွဲ။ ရူပဗေဒ ဘာသာအဓိကနှင့် နောက်ဆုံးနှစ်။ နှစ်ကြီး သမားတွေ။ သူတို့နှစ်ယောက်ကိုလည်း အောင်တို့၊ ချောစုတို့၊ ကိုလတ်တို့၊ ကို အောင်တို့က ခွဲမမြင်ကြ။
သူတို့နှစ်ယောက်ကတော့ လောကတွင် ရယ်စရာကိုသာမြင်ပြီး ရယ်စရာကိုသာ ရှာနေကြသူများဖြစ်သည်။ ဝ-သ တက္ကသိုလ် အမှိုက်စအဖြစ် အမှိုက်ပုံးထဲ အပစ်ခံရသလို ရောက်ခဲ့ပြီး နောက်ဆုံးတော့လည်း မြန်မာပြည်နိုင်ငံရေး သမိုင်းကို ရေးခဲ့တဲ့ပုဂ္ဂိုလ်တွေ ဟာ ဒီဝ-သတက္ကသိုလ်က အများကြီး ထွက်ခဲ့တာပဲဟု ဂုဏ်ယူဝင့်ကြွားစရာ တစ်ချက်ကိုတော့ အမိအရ ဆုပ်ကိုင်ထားကြသည်။
တစ်ခါတလေ နေ့လုံးညလုံးပေါက် ဖဲရိုက်ကာ ဖဲထုပ်ကို ခေါင်းအုံးအောက် ထားအိပ်သည်အထိ စွဲလမ်းသည်။ ဖဲရိုက် စရာပိုက်ဆံမရှိလျှင် နာရီ၊ မျက်မှန်သာမက ဘောပင်၊ ရှပ်အင်္ကျီကအစ အပေါင်ထား၍ ရိုက်ခဲ့ဖူး၏။
နောက်တော့ သကောင့်သားလေးတွေ ငရဲရောက်ချင်တော့ ကိုအောင်တို့နှင့် အပေါင်းအသင်း ဖြစ်လာကြတော့တာပဲ။
“နတ်ဘုံနတ်နန်းမှာ စံစားနေရာက ငရဲ ကိုဆွဲချတာ ဒီကောင်တွေပေါ့”
ဒေဝက ကိုအောင်တို့အား လက်ညှိုး ထိုးပြလေသည်။ ကိုလတ်ကိုတော့ ကျောင်းမှာ ဆရာမို့ အစကတည်းက မျက်မှန်းတန်းနေတာတဲ့။ ပြီးတော့ ကိုလတ်က ရုပ်လေး ချောသလောက် မျက်နှာကလည်းချိုသည်။
“သူကယောကျ်ား မိန်းမဆိုမလွယ်ဘူး၊ အချောလည်းပိုတယ်၊ အပြောလည်းချို တယ်၊ ဒါကြောင့်မို့ ချစ်သူတွေ ဝိုင်းဝိုင်း လည်နေတာပေါ့”
“တကယ်လား...တကယ်လား”
အောင်နှင့်ချောစုတို့သည် ပြိုင်တူလို မေးမိပြီးမှ ရယ်မောမိကြသည်။ ထို့နောက် အောင်နှင့်ချောစုတို့က အစက ယခုလို မခင်တုန်းက ကွယ်ရာ၌ ကိုလတ်ကို “သူ့ ဆွိ(တ်)၊ ငါ့ဆွိ(တ်)” ဟု လုမိကြသေးသည်။
မိန်းကလေးတွေသည် သူတို့သဘောကျ သော ယောကျ်ားချောချောလေးတွေကို “အဲဒါ ငါ့ဆွိ(တ်)ပေါ့” လို့ပြောကြတာ မဆန်းပါဘူး။ ကွယ်ရာပြောတာပဲ။ ဣန္ဒြေ ပျက်တာမှမဟုတ်ဘဲနဲ့။ လှလို့ချစ်တာ အပြစ်လား၊ သူတို့လည်း ကောင်မလေး တွေလှရင် ချစ်တာပဲဟု အောင်က ဆင်ခြေပေးသေးသည်။
ဆက်လက်ဖော်ပြပါမည်။