စာနာထောက်ထား မေတ္တာတရားဖြင့် ပြည်ထောင်စုသားချင်း ဝိုင်းဝန်းကူညီ (ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်)

 

စာနာထောက်ထား မေတ္တာတရားဖြင့် ပြည်ထောင်စုသားချင်း ဝိုင်းဝန်းကူညီ (ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်)

 

    ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) သည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

အလွန့်အလွန်အင်အား ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့်မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းခဲ့ပြီး မုန်တိုင်း ဖြတ်သန်း တိုက်ခတ်နိုင်သည့် အခြေအနေ၊ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေအနေတို့အပေါ် မူတည်၍ စစ်တွေမြို့နယ်၊   ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ မာန်အောင်မြို့နယ်တို့ကို ဘေးအန္တရာယ် ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများ အဖြစ် အသိပေး ကြေညာခဲ့ရာတွင် ပေါက်တောမြို့နယ်လည်း ပါဝင်ခဲ့သည်။ ဆက်လက်၍ အနီရောင်အဆင့်ရှိသည့် မြို့နယ်များကို အသိ ပေးကြေညာခဲ့သည်။

စုစည်းဖွဲ့စည်းထား

    ပေါက်တောမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေခရိုင်အတွင်း   တည်ရှိပြီး အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင်  စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

ပေါက်တောမြို့နယ်သည်   ပင်လယ်ရေ မျက်နှာပြင်အထက် ၁၁ ပေတွင်ရှိပြီး  လူဦးရေ ၁၈၅၂၈၄ ဦး၊ အိမ်ထောင်စု ၃၈၀၁၇ စု၊   အိမ်ခြေ ၃၅၈၉၉ လုံးရှိသည့် ရပ်ကွက် ငါးခု၊  ကျေးရွာအုပ်စု ၅၃ အုပ်စု၊ ကျေးရွာ ၁၇၇ ရွာဖြင့် ဖွဲ့စည်းထားသည်။ ထို့ပြင် ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲနှင့်   ငှက်ချောင်း IDPs စခန်းများလည်း ရှိသည်။

အေးချမ်းစွာနေထိုင်

ပေါက်တောမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အဓိကအားထား လုပ်ကိုင်ကြသည့်အပြင် ရေလုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင် ကြသည်။ အဓိကထွက်ကုန် ပုစွန်၊ စပါး၊ ဆားအများဆုံး  တင်ပို့ရောင်းချကြသည်။ ဆန်စက်၊  ရေခဲစက်များရှိသည့်အပြင် အခြားသော  အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများလည်း ရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းပေါများသည်။ ပထဝီအနေအထားအရ  ရေမြေသဘာဝ ကောင်းမွန်သော်လည်း   သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ အများဆုံးရှိသော မြို့နယ်ဖြစ်သည်။

အတိဒုက္ခရောက်

မြို့နယ်အတွင်း ရခိုင်လူမျိုးအများစု နေထိုင်ကြပြီး အခြားလူမျိုးစု အနည်းငယ်နှင့် အေးချမ်းစွာ နေထိုင် လုပ်ကိုင်လျက်ရှိသော ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့နံနက်က ဝင်ရောက် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ကြောင့် မူလရှိပြီးသား ကောင်းမွန်သည့် အခြေအနေများ ပျက်ပြားသွားခဲ့ရသည်။ ဒေသခံပြည်သူများ အတိဒုက္ခရောက်ခဲ့ကြသည်။  မုန်တိုင်းတိုက်ခတ်နေစဉ် ပြည်သူများမှာ အန္တရာယ်ကင်းရာ နေရာများသို့ အပြေးအလွှား ပုန်းရှောင်နေခဲ့ကြရသည်။ ပေါက်တောမြို့နယ်တွင် နေအိမ် အများစုမှာ ဝါးဓနိအိမ်များဖြစ်ပြီး အိမ်ကြီး အိမ်ကောင်း  အနည်းငယ်သာရှိသည်။  မုန်တိုင်းအရှိန်ကြောင့် နေအိမ်အများစုမှာ ပျက်စီးသွားခဲ့သည်။ မုန်တိုင်းစဲသွားသော အခါ  မိမိနေအိမ် အပျက်အစီးများနှင့် သေဆုံးပျောက်ပျက်သွားသည့်  မွေးမြူရေးတိရစ္ဆာန်များ အတွက် ဝမ်းနည်းပက်လက် ဖြစ်ကြသည်။ လူသေဆုံးမှု မရှိသော်လည်း  မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၁၇၇၈၇ ကောင်   သေဆုံး/ပျောက်ဆုံး သွားခဲ့သည်။

အလျင်အမြန်ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် မေလ ၁၅ ရက်နှင့် မေလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကြေညာချက်များပါ  ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက်  တပ်မတော်အရာရှိကြီးများအား အချိန်မဆိုင်းဘဲ တာဝန်ပေးအပ်ခဲ့သည်။  ပေါက်တောမြို့နယ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်ဆန်နီအုန်းအား   တာဝန်ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ခဲ့သည်။

ဝမ်းသာမဆုံး

ပေါက်တောမြို့နယ်အတွင်း နေထိုင်ကြသောပြည်သူများသည်   ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ကို ၎င်းတို့ဘဝအတွက် ကြောက်မက်ဖွယ်ရာ နေ့တစ်နေ့အဖြစ် ခံယူခဲ့ကြသည်။  ထိုနေ့တစ်နေ့တာလုံး ၎င်းင်းတို့အတွက်  ငရဲတမျှအလား ဒုက္ခ ဆင်းရဲများ ခံစားခဲ့ကြရသည်။ တစ်မြို့နယ် လုံးစိစိညက်ညက်ကျေပြီး နေရေး၊ ထိုင်ရေး၊ စားသောက်ရေးပါ မကျန် အခက်အခဲများ ဖြစ်ကြရသည်။ မေလ ၁၅ ရက်နေ့သို့ရောက်သည်နှင့်  နိုင်ငံတော်အစိုးရက အလျင်အမြန်   စီမံခန့်ခွဲပေးမှုကြောင့် ကယ်ဆယ်ကူညီ စောင့်ရှောက်မှုများ စတင်ရောက်ရှိလာခဲ့သည်။ ကူညီကယ်ဆယ်ဖေးမမည့်သူကို မျှော်လင့်တကြီး စောင့်မျှော်နေသော ပေါက်တောသူ၊ ပေါက်တောသား များမှာ ဝမ်းသာမဆုံးဖြစ်ကြရသည်။

ကူညီဆောင်ရွက်

မေလ ၁၆ ရက်နေ့တွင် သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်  မြို့နယ်များကို လိုက်လံကြည့်ရှုစစ်ဆေးရာ ပေါက်တောမြို့နယ် ကြိမ်နီပြင်  IDP စခန်းများနှင့် ရပ်ကွက်ကျေးရွာများကို  ရဟတ်ယာဉ်ဖြင့်  လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များကို ထောက်ပံ့ ကူညီပေးသည်။ မေလ ၁၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင် ၁၁၆ ဦးတို့သည် ပေါက်တောမြို့နယ်သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့သည်။

ရှာဖွေရှင်းလင်း

ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များသည် မေလ ၂၀ ရက်နေ့တွင် ပေါက်တောမြို့နယ် အတွင်းရှိ နေရာ ၁၂ နေရာတွင် နေအိမ်များ၊ ရုံးအဆောက်အအုံများ၊ ဘုန်းတော် ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘုရားစေတီတော်များနှင့် လမ်းများတွင် လဲကျနေသော သစ်ပင်များကို ရှင်းလင်းခြင်း၊ လမ်းများပေါ်တွင် လဲကျနေသော ဓာတ်တိုင်များ၊ ဓာတ်ကြိုးများနှင့် အခြားအပျက်အစီးများကို ဖယ်ရှားပေးခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီးမှ  ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင် ၁၁၆ ဦးဖြင့် ကူညီ ရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ပေါက်တောမြို့နယ်တွင် ပြိုလဲပျက်စီးသော သစ်ပင်ပေါင်း တစ်ထောင်ခန့်ကို   ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက ရှင်းလင်းပေးခဲ့သည်။

ပြုပြင်ဆောင်ရွက်

မိုခါမုန်တိုင်းမတိုက်ခတ်မီ အချိန်က ပေါက်တောမြို့နယ်တွင် ဆက်သွယ်ရေး အော်ပရေတာ လေးခုရှိခဲ့ပြီး    ဒေသခံပြည်သူများ အဆင်ပြေစွာ အသုံးပြုနိုင်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်ပြီးသည့် အချိန်တွင် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်သွားခဲ့ရာ မုန်တိုင်းတိုက်ခတ်ပြီး မွန်းလွဲပိုင်းတွင်ပင်   ဆက်သွယ်ရေးစနစ် တစ်ခုကို စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောမြို့နှင့် ချင်းပြည်နယ်သို့  ပို့ဆောင်ပေးပြီး ထိုနေ့ညပိုင်းမှစ၍ တစ်မြို့လျှင် ဖုန်းလိုင်းလေးလိုင်းဖြင့် ဆက်သွယ်နိုင်အောင်   ဆောင်ရွက်ပေးခဲ့သည်။

ပေါက်တောမြို့နယ်တွင်   ကျန်းမာရေး အဆောက်အအုံ ၇၄ ခု ထိခိုက်ပျက်စီးသွားခဲ့သည်။ ၆၄ ခုမှာလုံးဝ ပျက်စီးသွားပြီး ၁၂ ခုကို ချက်ချင်းပြုပြင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျောင်းဖွင့်အမီ

ပေါက်တောမြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမ ၁၆၈၅ ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူ   နှစ်သောင်းကျော်ရှိသည်။ တစ်မြို့နယ်လုံးတွင် အခြေခံပညာကျောင်းပေါင်း ၁၇၀ ရှိပြီး မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ကျောင်း ၆ ကျောင်းသာ မပျက်စီးခဲ့ဘဲ မူလတန်းကျောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အခြေခံပညာကျောင်း စုစုပေါင်း ၁၆၄ ကျောင်းမှာ လုံးဝပျက်စီးသွားခဲ့သည်။ မေလ ၁၄ ရက်နေ့တွင် မိုခါမုန်တိုင်း တိုက်ခတ်ခဲ့ရာ ပျက်စီးသွားသော ကျောင်းများ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့် အမီပြန်လည်ပြင်ဆင် တည်ဆောက်နိုင်ရန်အတွက်    ပြန်လည်ပြင်ဆင်နိုင်သည့် ကျောင်းများကို အမြန်ဆုံးပြန်လည် ပြင်ဆင်ပေးနိုင်ခဲ့သည်။

ပုံမှန်အခြေအနေ

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ရာများသာမက စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဆည်မြောင်းတာတမံများ၊ လမ်းတံတားများနှင့် အိမ်မွေးတိရစ္ဆာန်များ၊  မွေးမြူရေး တိရစ္ဆာန်များ သေကျေပျက်စီး ခဲ့ရသည်။ အဆိုပါပျက်စီးဆုံးရှုံးမှုများကို ပြန်လည်အစားထိုး တည်ဆောက်နိုင်ရန်အတွက် ပေါက်တောမြို့နယ်ကို တာဝန်ယူကြီးကြပ် ဆောင်ရွက်ပေးနေသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ဆန်နီအုန်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပေါက်တောမြို့နယ်မှ ဌာနဆိုင်ရာအဖွဲ့အစည်းများ အတူတကွ နေ့ညမပြတ် ဆောင်ရွက်ပေးခဲ့ရာ တစ်လအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ဦးစားပေးအလိုက်

မြို့နယ်အတွင်း ပျက်စီးမှု အခြေအနေများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ပထမဦးစားပေး အနေဖြင့် အခြေခံပညာ စာသင်ကျောင်းများအားလည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့် ဆေးရုံ၊ ဆေးခန်းများအား လည်းကောင်း၊ တတိယဦးစားပေး အနေဖြင့် သာသနိက အဆောက်အအုံများကို လည်းကောင်း၊ စတုတ္ထဦးစားပေးအနေဖြင့်  ဌာနဆိုင်ရာအဆောက်အအုံများကို လည်းကောင်း ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည်။ စစ်တွေမြို့မှတစ်ဆင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး ပစ္စည်းများ နေ့စဉ်ရောက်ရှိခဲ့ပြီး  ရောက်ရှိလာသည့်ပစ္စည်းများကို မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား မျှဝေထောက်ပံ့ပေးခဲ့သည်။ ပေါက်တောမြို့နယ်အတွင်းရှိ   မုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရေး ဆောင်ရွက်ရာတွင် အဆင်ပြေချမ်းသာသူ၊ အသင့်အတင့်ရှိသူ၊ ဆင်းရဲနွမ်းပါးသူဟူ၍ ဦးစားပေးအဆင့် အလိုက် ဆောင်ရွက်ပေးခဲ့သည်။

ချက်ချင်းဖြည့်ဆည်း

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ်တွင်နေထိုင်ကြသော ပြည်သူများ အနေဖြင့် နေရေး၊ ထိုင်ရေး၊ ဝမ်းရေးအတွက်သာမက အရေးကြီးသည့်သုံးရေ၊ သောက်ရေ အခက်အခဲများဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် မူလရှိပြီး ရေအရင်းအမြစ်များ ပျက်စီးသွားသည့်အပြင် ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။    ထို့ကြောင့် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး၊ ရေပေးဝေရေးနှင့် ကျန်းမာသန့်ရှင်းရေး ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို နိုင်ငံတော်က မုန်တိုင်းသင့်ဒေသများ အားလုံးကို ချက်ချင်းဖြည့်ဆည်းပေးခဲ့သည်။ ပေါက်တောမြို့နယ်တွင် မိုဘိုင်းဆိုလာစနစ်ဖြင့် ရေပေးရေး စနစ်နှစ်ခု၊ သောက်သုံးရေဂါလန် ၂၀၀၀ ခန့်ကို ဖြည့်ဆည်းပေးခဲ့သည်။ ရေသန့်စင်စနစ် ၂၃ ခုဖြင့် သောက်သုံးရေဂါလန် ၁၇၉၄ ဂါလန်၊ ရေသန့်စင်ဆေးပြား ၁၅ သေတ္တာ၊ ကလိုရင်း ၇၅ ပုံး၊ ၂၀ လီတာရေဘူး ၄၅ ဘူး၊ ရေကန်မှ ရေငန်စုပ်ထုတ်ခြင်း အကြိမ် ၂၀ ပြုလုပ်ပေးခဲ့သည်။

ဝမ်းမြောက်ပျော်ရွှင်

ပေါက်တောမြို့နယ်တွင် တည်ဆောက်ထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်း၊ ၁၁ ကေဗွီဓာတ်အားလိုင်း၊    ၄၀၀ ဗို့ဓာတ်အားလိုင်းနှင့် ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံတစ်ရုံတို့   ပျက်စီးသွားခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ပိုင်းရှိ    မြို့နယ်များကို လျှပ်စစ်ဓာတ်အား    အမြန်ဆုံးရရှိရေးအတွက် စီစဉ်ပေးခဲ့ရာ ပေါက်တောမြို့ကိုလည်း အလျင်အမြန်ပြုပြင်ဆောင်ရွက်ပေးခဲ့သဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် ရာခိုင်နှုန်းပြည့် ပြင်ဆင်ပြီးခဲ့သည်။ ပေါက်တောမြို့နယ်အတွင်း   ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၂၆ ရွာတွင် ၃၃ ကေဗွီဓာတ်အားလိုင်း ၂၂ မိုင်ခွဲရှိသည့်အနက် တစ်ဝက်နီးပါးပျက်စီးသွားခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများက    နေ့မအားညမအား ကြိုးပမ်း ဆောင်ရွက်ပေးမှုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် တစ်မြို့နယ်လုံးအတွက် လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည်ပေးဝေနိုင်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ    ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။

မူလအခြေအနေရောက်

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့်   ပေါက်တောတစ်မြို့နယ်လုံး၏ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၂၆၄၄၅ ကျော်ရှိသည်ဟု သိရသည်။ တည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အဆင်ပြေခဲ့သည့် ပေါက်တောမြို့နယ်သည် မုန်တိုင်းဒဏ်ကြောင့် ကြေမွ ပျက်စီးခဲ့သော်လည်း မုန်တိုင်းအန္တရာယ်ကို ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် ရခိုင်ပြည်နယ်အတွင်းမှ မုန်တိုင်းဒဏ်သင့်မြို့နယ်များအားလုံး မူလအခြေအနေသို့ ရောက်ရှိအောင် အချိန်တိုအတွင်း တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ပေါက်တောမြို့နယ်မှ ပြည်သူများ ဘေးဒုက္ခရောက်နေချိန်တွင် ပြည်ထောင်သားချင်း ရိုင်းပင်းကူညီဖေးမစောင့်ရှောက်မှုဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် နိုင်ငံတော်အစိုးရက ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။    ။

မောင်ငြိမ်းအေး