ကျောက်ဖြူမြို့တွင် Grade-12 စာမေးပွဲဖြေဆိုပြီး၍ ညအချိန် စက်လှေဖြင့် နေရပ်ပြန်သည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဒေသခံ ၁၄ ဦးအား ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

ကျောက်ဖြူမြို့တွင် Grade-12 စာမေးပွဲဖြေဆိုပြီး၍ ညအချိန် စက်လှေဖြင့် နေရပ်ပြန်သည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဒေသခံ ၁၄ ဦးအား ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၂၅

            ကျောက်ဖြူမြို့တွင် မတ်လ ၂၃ ရက်နေ့ ညအချိန်က စက်လှေဖြင့် Grade-12 စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်သည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဒေသခံ ၁၄ ဦးအား ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

           အဆိုပါသတင်းနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရခိုင်ပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက် သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် လုပ်ဆောင်နေမှုများကြောင့် ပြည်သူအများ အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်စေရေးအတွက် လိုအပ်သော လုံခြုံရေး စစ်ဆေးခြင်းများအား ဆောင်ရွက်၍ ခရီးသွားလာခြင်းများ ခွင့်ပြုပေးလျက်ရှိပါသည်။ အဆိုပါ စက်လှေသည် ည ၇ နာရီခွဲအချိန်ခန့်တွင် ရေကြောင်းမှ သွားလာခြင်း ဖြစ်သည့်အတွက် တာဝန်ရှိသူများမှ ခေါ်ယူမေးမြန်းမှုများပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ပညာရေးမှူးရုံးသို့ ပို့ဆောင်ပေးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့မှု မရှိကြောင်း သိရှိရပါသည်။

           သို့ဖြစ်ပါ၍ AA အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ခိုက်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်စောင့်ရှောက် ကူညီပေးရန်အတွက် နယ်မြေလုံခြုံရေးနှင့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအပေါ် တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်တို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။