တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ ကျောင်းသား/ကျောင်းသူများအတွက် နွေရာသီသင်တန်းများဖွင့်လှစ်

တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ ကျောင်းသား/ကျောင်းသူများအတွက် နွေရာသီသင်တန်းများဖွင့်လှစ်

နေပြည်တော်၊ မတ် - ၂၅

         ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင်  အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့်  အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့ အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများ တိုးပွားစေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ အင်္ဂလိပ်စာအခြေခံနှင့် စကားပြော သင်တန်းများစသဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

         ထိုသို့ ဖွင့်လှစ်လျက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အောင်ဇေယျာခန်းမ၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌လည်းကောင်း အသီးသီးဖွင့်လှစ်ရာ သက်ဆိုင်ရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက် ကြသည်။

         ဦးစွာ တိုင်းမှူးများက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးများက နွေရာသီသင်တန်းများတွင် တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအတွက် စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။