အင်္ဂပူမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသူထွက်ပြေးသွားသည့် အတွက် လူစားထိုးရန် သိန်း ၇၀ တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

အင်္ဂပူမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသူထွက်ပြေးသွားသည့် အတွက် လူစားထိုးရန် သိန်း ၇၀ တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၂၅

         ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသူ လူငယ်တစ်ဦး ထွက်ပြေးသွားသည့်အတွက် လူစားထိုးရန် အဆိုပါလူငယ်၏ အဘွားဖြစ်သူထံ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၇၀ တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Mizzima က ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

         အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ကွင်းကောက်ကျေးရွာမှ စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသည့် လူငယ်တစ်ဦး ထွက်ပြေးခြင်းနှင့် ၎င်း၏အဘွားဖြစ်သူထံ ကျပ်သိန်း ၇၀ တောင်းခံနေသည့် သတင်းများမှာ ဟုတ်မှန်မှု မရှိကြောင်း သိရှိရသည်။

         ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေမှစ၍ တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေခြင်း၊ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲ ရေးသားခြင်းနှင့် အကြမ်းဖက်သမားများက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့အစည်းများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း စသည့်အဖျက်အမှောင့် လုပ်ငန်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံသူ၊ နိုင်ငံသားများ စစ်ပညာတတ်ကျွမ်း နားလည်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရန် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက ကြောက်ရွံ့ ထိတ်လန့်နေသည့်အတွက် မဟုတ် မမှန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။