မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်း၌ စစ်တွေမြို့သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်း၌ စစ်တွေမြို့သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ်လ ၂၅  ရက်

               နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ် ဖမ်းဆီးမှုများအား တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးလျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များနှင့် မူးယစ်ဂိုဏ်းများသည် ရေကြောင်း၏ အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းများမှတစ်ဆင့် သယ်ယူပို့ဆောင်လာသည်ကို တွေ့ရှိရပါသည်။

             ၂၀၂၄ ခုနှစ်၊  မတ်လ ၂၁ ရက် ညနေပိုင်းအချိန်တွင် စစ်တွေမြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးသည် ဘူးသီးတောင်မြို့နေ AA သောင်းကျန်းသူအဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်း နှင့် ချိတ်ဆက်၍ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ပို့ဆောင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည်  တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးသည့် တရားခံ ထွန်းသိန်းအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ စုမြတ်ဝေတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

             ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းနေ့ ညပိုင်းအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောအား ဝင်‌ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ကတ္ထူဖာများအတွင်း၌ WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

             ဖမ်းဆီးရမိတရားခံ စုမြတ်ဝေ၏ ထွက်ဆိုချက်အရ မတ်လ ၁၄ ရက်တွင် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်နေ အစ်မဝမ်းကွဲ၏ ခင်ပွန်းဖြစ်သူ တရားခံပြေး သန့်ဇင်ဦးမှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးပါက ငွေကျပ်သိန်း ၂၀၀ ပေးမည်ဟု ပြောကြားသောကြောင့် ခင်ပွန်းဖြစ်သူ ထွန်းသိန်းအောင်နှင့် တိုင်ပင်ကာ သဘောတူလက်ခံခဲ့ကြောင်း၊ မတ်လ ၂၀ ရက်တွင် တရားခံပြေး သန့်ဇင်ဦး၏သား တရားခံပြေး ကျော်ပိုင်သူ လာရောက်ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား “ဂေါ်ဇီလာ” ဆပ်ပြာတောင့်များနှင့်အတူ ရောနှောထုပ်ပိုးပြီး ကတ္ထူဖာများအတွင်း ထည့်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်ရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

             AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သော ငွေကြေးများ ရရှိနိုင်ရန် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ AA သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ် ပတ်သက်သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ ၉ ကြိမ်ရှိပြီး သိမ်းဆည်းရမိ မူးယစ် ဆေးဝါး ကာလတန်ဖိုး ၂၉၄.၈၂ ဘီလီယံကျပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

               သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားခံပြေး သန့်ဇင်ဦး နှင့် ကျော်ပိုင်သူ အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။