၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ခရစ်ကက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ခရစ်ကက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်  မတ်  ၂၅

    ပြည်နယ်နှင့်တိုင်းဒေသကြီးမှ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေ ရန်ရည်ရွယ်၍  “၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲ” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၁)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊  ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ခရစ်ကက် အားကစားနည်းကို  လူငယ် လူရွယ်များ ပိုမိုစိတ်ဝင်စားလာစေရန်နှင့်  ခရစ်ကက်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကက်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် မြန်မာနိုင်ငံ ခရစ်ကက် အဖွဲ့ချုပ်နှင့်အတူ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးကလည်း အထူးအာရုံစိုက်ပြီး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားမောင်/မယ်များ သည် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစား သမား စိတ်ဓာတ်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ပေးရန်လို ကြောင်း ပြောကြားပြီး “၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲ ဝင်အားကစားအသင်းများမှ အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြ ပြီး အမျိုးသမီးအသက် ၂၅ နှစ်အောက် ခရစ် ကက်ပြိုင်ပွဲ မွန်ပြည်နယ်အသင်းနှင့် ကရင် ပြည်နယ်အသင်းတို့၏  ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ “၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ခရစ်ကက်ပြိုင်ပွဲ” ကို  မတ် ၂၅  ရက်မှ ဧပြီလ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိအား ကစားကွင်း၊ လေ့ကျင်းရေးကွင်းများ၌ ကျင်းပသွားမည် ဖြစ်ရာ ခရစ်ကက်အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆိုအခမဲ့လာ ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။