အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
ကိုလတ်ကိုလိုက်တဲ့ ကျောင်းသူတွေ ပေါတယ်တဲ့၊ သည်အထဲတော့ တို့မပါပါဘူး။ ကိုလတ်ကို တို့ဘယ်တော့မှ မလိုက်ခဲ့ပါဘူး။ ကိုလတ်ကို ဆက်ဆံတဲ့နေရာ မှာ တစ်ခါမှ ဣန္ဒြေမပျက်ဖူးပါဘူး။ မောင်နှမလိုပဲ နေခဲ့တာပဲ။ ကောင်မလေးတွေများ ကိုလတ်မျက်နှာ မှာ ဓာတ်ငွေ့ရိုက်ပြီး မည်းနေတာကို အဲဒါသုတ်ပေးလို့ ကိုလတ်မျက်နှာ အထားခက်လှသည်တဲ့။
ကိုလတ်က သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သူမို့ လုံချည်တွေ ငရဲမီးပေါက်လွန်းလို့ အဲဒီမှာ ပုဆိုးအပိုထားတာ ကိုလတ်ကိုယ်တိုင် ခေါက်ဖို့မလိုဘူးဆိုပဲ။ အောင့်စိတ်ထဲတော့ တိတ်တိတ် သဝန်တိုမိသေးသည်။ အဲဒါစိတ်ပုပ်တာလားဟု ဝန်တိုစိတ်ကို ဖျောက်ပစ်ရန် ကြိုးစားသည်။
အခန်း (၁၄)
ကိုအောင်ကိုတော့ တွေ့စကတည်းက ဘော်လီဘော ပုတ်သလို ချောစုတစ်လှည့်၊ မမစံကိုတစ်လှည့်၊ ဆန်းဆန်းမြင့်ကိုတစ်လှည့် ပေးနေကြသည်။ ဘယ်သူ မှလည်း ကိုအောင့်ကို လိုလိုလားလားမယူချင်ကြ။
မျက်နှာထားဆိုးလွန်းသတဲ့။ ပြီးတော့ ဖြစ်သလိုနေ ပြီး ပစ်စလက်ခတ်ဝတ်စားတတ်သည်။ သူ့လုံချည် တွေမှာ အမြဲမီးလောင်ပေါက်တွေပြည့်နေပြီး မဖာမထေးဘဲ သည်အတိုင်းပဲ ဝတ်တတ်သည်။
မျက်နှာကိုလည်း မအားလျှင် မသုတ်မသင်ဘဲ ထားထားတော့ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ဖုံးလွှမ်းလာသည်။ သူ့မှာမအားတာက တစ်လမှာ ရက် ၃၀။
ကိုအောင်သည် အရုပ်ဆိုးတာ မဟုတ်ဘဲနှင့် ပစ်စလက်ခတ်နေတာ၊ မျက်နှာထားမချိုတာက သူ့တွင်ရှိသော အလှတွေကို ဖုံးကွယ်ပစ်သည်ဟု ဒေဝက သူ့သူငယ်ချင်းကိုကာကွယ်သည်။ တကယ်တော့ သူတို့ သည် ကိုလတ်ကို လေးစားသလောက် ကိုအောင့်ကို လည်း လေးစားသည်သာ။
ပို၍ အရောတဝင် ရင်းနှီးတာကပင် ပိုသေးသည်။ ဒေဝ၊ ဗလတို့နှင့်အသိဖြစ်ပြီး ဘာမှမကြာပါ။ အဆောင် သို့ ညလိုက်အိပ်ပြီး နှစ်ပေါင်းများစွာက ကွဲကွာလာခဲ့ ကြသော ငယ်ပေါင်းများလို ခင်မင်သွားကြသည်။
နောက်ဆုံးတော့ ဒေဝ၏မှတ်ချက်အရ...
“ကိုအောင်က သူ့ဘာသာသူ တစ်ယောက်တည်းဆို ကြည့်လို့လှပါတယ်၊ ကိုလတ်နဲ့တွဲလို့ သူ့အလှဟာ ပျောက်ကွယ်သွားတာပါ”
“ကိုလတ်နဲ့တွဲတာ ကိုအောင် မိုက်တာပေါ့”
အောင်က ရှေ့တွင်ထား ဝေဖန်ဖူးသေးသည်။
“ယောက်ျားပီသတာချင်းတော့ အတူတူပါပဲ”
ချောစုက မနေသာသဖြင့် ဝင်ထောက်ခံတော့ အောင်က...
“အမျိုးတူ အဆင်ကွဲပါ”လို့ နောက်သေးသည်။
ထို့နောက် အောင်သည် သည့်ထက်ပို၍ ရင်းနှီး လာသောအခါ...
အကျည်းတန်တာ အကျည်းတန်တာပေါ့၊ ယောက်ျား ပီသသလေး ဘာလေးပြောစရာ မလိုပါဘူး”
မခံချင်အောင်စလျှင် ကိုအောင်က ပြုံး၍သာနေ သည်။
“ဒါပေမဲ့ အကျည်းတန်ချစ်သူပေါတယ်နော်”
ဗလက ဝင်ပြောသည်။ ဒေဝက ကိုအောင်၏ကျောကို သပ်လျက်...
“မကွေးကောလိပ်က ဆရာမလေးတစ်ယောက်၊ အောင်ဟိန်းလတ် ကျူရှင်က ကျောင်းသူလေးက တစ်ယောက်၊ ဘဏ်က ရုံးစာရေးမလေးက တစ်ယောက်၊ တောင်ဥက္ကလာပ ၁၀ ရက်ကွက်ဈေးထဲက အထည်သည်မလေးက တစ်ယောက်...”
“အဲဒါ ကိုအောင့်အဆက်တွေ”
အောင်က မေးလိုက်တော့...
“သူ့ကိုလိုက်နေတဲ့ ကောင်မလေးတွေ”
“မိန်းကလေးတွေက...”
“ဟ...မိန်းကလေးတွေကလိုက်တဲ့ ဇာတ်လမ်း တွေ နင်တို့မကြားဖူးဘူးလား၊ သွားပြီ...အောင်တော့ အောက်သွားပြီ...”
ဗလက ပြောတော့ အောင်နှင့်ချောစုက မျက်နှာရှုံ့ကာ ခေါင်းခါရင်း ချောစုက...
“ကျွန်တော်တို့အုပ်စုက ဒါမျိုးတစ်ယောက်မှမပါတာ”
“အေး ...ဒါကြောင့် နင်တို့ မစွံတာ၊ နင်တို့ စွံချင်ရင် ငါနည်းလမ်းပေးမယ်”
“ကျေးဇူးတင်ပါတယ်၊ ဆားနဲ့ပဲစားတော့မယ်”
အောင်က ပြောရင်းရယ်လိုက်သည်။ ကိုလတ်က တော့ သူတို့ကြားထဲ ထုံးစံအတိုင်း အပြုံးနှင့်ငေးနေ သည်။ သူ့အပြုံးသည် ခိုင်မာ၍ ခွန်အားရှိသောအပြုံး။ ကိုအောင်သည် သူ၏ရှည်ကိုင်းသော အရပ်ကြီးနှင့် အရပ်ပုသောဒေဝ၏ ပခုံးကို လှမ်းဖက်ကာ တသောသော ရယ်မောနေသည်။
ရွှင်မြူးစွာ ရယ်မောနေသော သူ့မျက်နှာတွင် မျက်နှာထားဆိုးတာများ ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။ စီးပွားရေးတက္ကသိုလ် ဦးယမ်းဘလူးအအေး ဆိုင်မှ ရယ်မောသံတွေ ပျံ့လွင့်လာလေသည်။
ရေတမာပင်တို့ ပေါက်ရောက်ရာ အဓိပတိလမ်း တစ်လျှောက်၊ ကံ့ကော်ပင်တို့စီတန်းနေရာ အင်းလျားလမ်း၊ ချုံနွယ်ပိတ်ပေါင်း ထူထပ်ရာသထုံလမ်း၊ မြရောင် လွှမ်းကာ သေသပ်သော ကတ္တရာလမ်း၊ သားနားခံ့ထည်သော အုတ်တိုက်များနှင့် ပုဂံလမ်းသွယ်တို့တွင် လူငယ်ကျောင်းသားတို့၏ မြူးတူးရွှင်ပျော်စွာ ရယ်မော သံ၊ တက်ကြွသောအသံများ၊ အချစ်မှိုင်းမိသော သက်ပြင်းချသံများ၊ နာကြည်းခံပြင်းသော တောက် ခေါက်သံများ၊ ဘိန်းဖြူဆေးခြောက်၊ ဖဲချပ်ထဲနစ်နေသော မိန်းမောတွေဝေသံများ။
“ကိုလတ်နဲ့ ကိုအောင်တို့မှာ အတွဲမရှိပါဘူး”
အောင်က အတွေးနှင့်ငေးနေရာမှ ပြောလိုက်လေသည်။
ဆက်လက်ဖော်ပြပါမည်။