တောင်ကြီးမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်

 

တောင်ကြီးမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်

 

    ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း အမှတ်စဉ် (၆/၂၀၂၄)ကို မတ်လ ၂၅ ရက်တွင် တောင်ကြီးမြို့   ရေအေးကွင်းရပ်ကွက်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်း   ဦးစီးဌာနရုံး   အစည်းအဝေးခန်းမ၌  ဖွင့်လှစ်သည်။

ရှေးဦးစွာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုဖွင့်လှစ်ပို့ချပေးသည့်   လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် လူသုံးကုန် ထုတ်လုပ်မှုနည်း ပညာများအကြောင်း၊ လူသုံးကုန်လုပ်ငန်းသုံး    ဓာတုဗေဒပစ္စည်းများ အကြောင်း၊ ဘက်စုံသုံးဆပ်ပြာ၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Body Shower ၊ Hand Gel ၊ Hand Spray၊ Body Scrub  နှင့် မှန်ကြည်ဆေးပြုလုပ်နည်း  စသည်တို့ကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၅ ရက်မှ ၂၉ ရက်အထိ ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအတွက်    ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန  ဦးစီးမှူး ဦးစိုးနိုင်ထူးက လက်ခံရယူပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ရန်    ခင်းကျင်းပြသထားသည့် ကုန်ကြမ်းပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်အဆင့်  သက်ဆိုင်ရာဌာနများမှ  တာဝန်ရှိသူများသည် တောင်ကြီးမြို့ ရုံးကြီးလမ်း၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့်  လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရန် ဗဟိုမဏ္ဍပ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေး၍   လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။