(၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်သို့  မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်

 

 (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်သို့  မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်

 

ဆိုချီ  မတ်  ၂၅

(၁၃)ကြိမ်မြောက် နျူကလီးယားနည်း ပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024)ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဆိုချီမြို့၌ ကျင်းပသည်။

အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ အစိုးရအဖွဲ့များ၊ နိုင်ငံ တကာ အဖွဲ့အစည်းများ၊ နျူကလီးယားဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။

ဖိုရမ်ဖွင့်ပွဲတွင် Rosatom ၏ Director General ဖြစ်သူ Alexey Likhachev က အမှာစကားပြောကြားပြီး ဖိုရမ်ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် အဆိုပါဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးကို "Empowering Clean Future" ခေါင်းစဉ်ဖြင့် ကျင်းပသည်။

ယင်းဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေး နှင့် စကားဝိုင်း ဆွေးနွေးပွဲများတွင် နျူကလီး ယားစွမ်းအင် အခြေခံသည့် တီထွင်ဆန်းသစ် မှုများ၊ ကာဗွန်ထုတ်လွှင့်မှု လျော့ကျရေးအစီ အစဉ်များ၊  စဉ်ဆက်မပြတ်စွမ်းအင် ရရှိရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင် မျိုးဆက် သဟဇာတဖြစ်မှု၊ Atomic Energy  ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာများ၊ နျူကလီးယား နည်းပညာများနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုဆောင်ရွက်နေမှုများ၊ နျူကလီးယား နည်းပညာကို သုတေသန လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း စသည့် ကဏ္ဍများတွင် အသုံးပြုမှု အခြေအနေများ၊ စွမ်းအင်များကို အကျိုးရှိရှိ ထိရောက်စွာ ထုတ်လုပ်မှုများ၊ နျူကလီးယား နည်းပညာ၏ လူသားနှင့်ပတ်ဝန်းကျင်အပေါ် မထိခိုက်စေဘဲ အကျိုးပြုမှုများ၊ လျှပ်စစ်ဓာတ် အားနှင့် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများအပြင် အခြား တီထွင်ဆန်းသစ်မှု အခြေအနေများနှင့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား စက်မှုလုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များ၏ နောက်ဆုံးပေါ်  အောင်မြင်မှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဖိုရမ်၌ နျူကလီးယား နည်းပညာ အခြေခံသည့် စက်မှုလုပ်ငန်းဆိုင်ရာ ခေတ်မီ ပြခန်းများနှင့် ပုံစံငယ်များ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ၊ ဒစ်ဂျစ်တယ် ကဏ္ဍ၊ သိပ္ပံပညာကဏ္ဍနှင့် ပညာရေးကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် Generat-ion IV  နျူကလီးယား နည်းပညာများကို မိတ်ဆက်ခင်းကျင်း ပြသထားကြောင်း သိရသည်။