နိုင်ငံ့အရေးစဉ်မနှေး ထမ်းရွက်ရည်မျှော် တို့မြန်မာ့တပ်မတော်

 

နိုင်ငံ့အရေးစဉ်မနှေး ထမ်းရွက်ရည်မျှော် တို့မြန်မာ့တပ်မတော်

နိုင်ငံတစ်နိုင်ငံဟု  ရပ်တည်နိုင်ရေးအတွက် တပ်မတော်သည်    မရှိမဖြစ် လိုအပ်သောအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ  နိုင်ငံအသီးသီးတို့သည် မိမိတို့နိုင်ငံ၏အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲစေရေးအတွက် လက်နက်ကိုင်  အဖွဲ့အစည်းဖြစ်သည့် တပ်မတော်ကို အင်အားကြီးမားသည်ထက် ကြီးမားစေရန် ဖွဲ့စည်းတည်ဆောက်နေကြသည်။ သယံဇာတများပေါကြွယ်ဝပြီး ပထဝီနိုင်ငံရေးအရ  ဒေသတွင်းနိုင်ငံများတွင်အရေးပါသော ကျွန်ုပ်တို့နိုင်ငံသည်လည်း တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်တစ်ရပ်ဖြစ်လာစေရေး အတွက် ခေတ်အဆက်ဆက်တွင်     ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် နိုင်ငံရေး အစိုးရအဖွဲ့များဖွဲ့စည်းဆောင်ရွက်ကြရာ၌ နိုင်ငံ့အရေးကိစ္စတွင်  အခက်အခဲအကျပ်အတည်းများ ဖြစ်ပေါ်လာတိုင်း တပ်မတော်သည် သမိုင်းပေးတာဝန်အရ  နိုင်ငံ့အရေးကို ကျရာကဏ္ဍမှ ဦးလည်မသုန် ထမ်းရွက်ခဲ့ရကြောင်း သမိုင်း မှတ်တမ်းများအရ လေ့လာသိရှိနိုင်မည်ဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီးနောက် လွတ်လပ်ရေးနှင့်အတူ   ပြည်တွင်းရောင်စုံ သောင်းကျန်းသူများ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့သည်။ သခင်သန်းထွန်းခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ) သည် ၁၉၄၈ ခုနှစ် မတ်လ ၂၆ ရက်တွင် စတင်တောခိုခဲ့ရာ တပ်မတော်အတွင်းမှ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူ အရာရှိ၊  စစ်သည်တချို့သည်လည်း အုပ်စုလိုက်တောခိုကြကာ ကွန်မြူနစ်များနှင့်ပူးပေါင်းခဲ့သည်။ ၁၉၄၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာ့တပ်မတော်ကွပ်ကဲမှုအောက်ရှိ ကရင်သေနတ်ကိုင်တပ်ရင်း(၁၊၂)တို့မှ ကရင်အရာရှိ၊ စစ်သည် များသည် နိုင်ငံတော်နှင့် တပ်မတော်အပေါ်သစ္စာဖောက်၍ အစိုးရကိုပုန်ကန်နေသော ကရင်သောင်းကျန်းသူ KNDO များနှင့် ပူးပေါင်းသွားခဲ့ရာ အစိုးရနှင့်တပ်မတော်ကိုအကျပ်အတည်းဖြစ်စေခဲ့သည်။

ပြည်တွင်းသောင်းကျန်းမှုအဆိုးဝါးဆုံးကာလဖြစ်သော ၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ် ကာလတို့တွင်   ကွန်မြူနစ်အနွယ်ဝင် တပ်မတော်ခေါင်းဆောင်တချို့က ဗမာ့သေနတ်ကိုင်တပ်ရင်းများရှိ   အရာရှိ၊ စစ်သည်များကို တောခိုရန်စည်းရုံးခြင်း၊ နိုင်ငံတော်အာဏာကိုသိမ်းပိုက်ရန်စည်းရုံးခြင်းတို့ကို  ပြုလုပ်ခဲ့ကြသည်။  ထိုစဉ်ကာလက တပ်မတော်သည် သေနတ်ကိုင် တပ်ရင်းအနည်းငယ်သာရှိပြီး မိမိထက်အင်အားအဆမတန်   များပြားသော ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို နယ်စပ်ဒေသများထိ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ကာ ရန်ကုန်အစိုးရဟု အခေါ်ခံခဲ့ရသည့်ကာလများကို  အောင်မြင်စွာ ကျော်လွန်ဖြတ်သန်းနိုင်ခဲ့သည်။

၁၉၅၈ ခုနှစ်သို့ ရောက်သောအခါ အာဏာရပါတီဖြစ်သော ဖဆပလအစိုးရအဖွဲ့အတွင်း စည်းလုံးမှုပြိုကွဲကာ အုပ်စု နှစ်စုကွဲသွားခဲ့ပြီး   အစိုးရ၏အုပ်ချုပ်မှုယန္တရားမှာ ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူ ဦးနုသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းအား နိုင်ငံတော်အာဏာကို ခေတ္တလက်ခံ ရယူထိန်းသိမ်းပေးပြီး ခြောက်လအတွင်း လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ကျင်းပပေးနိုင်ပါရန် ကမ်းလှမ်းခဲ့ ရသည်အထိ နိုင်ငံတော်၏အခြေအနေမှာလွန်စွာဆိုးရွားခဲ့ရသည်။

တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းအနေဖြင့်  နိုင်ငံတော်ပြိုကွဲနိုင်သည့် နိုင်ငံ့အရေးကိစ္စဖြစ်သောကြောင့် ဝန်ကြီးချုပ်ဦးနု၏ ကမ်းလှမ်းချက်များကိုလက်ခံခဲ့ပြီး အိမ်စောင့်အစိုးရဖွဲ့စည်းကာ နိုင်ငံ့တာဝန်များကိုထမ်းဆောင် ခဲ့ရသည်။ နိုင်ငံတော်အာဏာကိုလက်ခံရယူပြီး  တပ်မတော် ဦးဆောင်မှုဖြင့် နိုင်ငံတစ်ဝန်း ငြိမ်ဝပ်ပိပြားရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ကာ  ၁၈ လအကြာတွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများ ကျင်းပပေးပြီး အနိုင်ရပြည်ထောင်စုပါတီအား နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

ပြည်ထောင်စုပါတီအစိုးရ၏အထွေထွေအားနည်းချက်များကြောင့် တိုင်းပြည်မငြိမ်သက်မှုကို အခွင့်ကောင်းယူ၍ အိမ်စောင့်အစိုးရလက်ထက် ပဒေသရာဇ်အာဏာကို စွန့်လွှတ်လိုက်ရသည်ကို  ကျေနပ်မှုမရှိသောရှမ်းစော်ဘွားတချို့က  ဦးဆောင်ကာ ဖက်ဒရယ်မူ(ရှမ်းမူ)၊ (ရှစ်ပြည်နယ်မူ)စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ပြည်ပသြဇာခံယူ၍  ပြည်ထောင်စုကြီးမှ ခွဲထွက်ရန် တည်ဆဲအစိုးရကို  အကျပ်ကိုင်တောင်းဆိုမှုများ ပြုလုပ်လာသည်။ ထိုအချိန်ကာလက ဖြစ်ပေါ်လျက်ရှိသော မြန်မာ့နိုင်ငံရေး  အခြေအနေများသည် ပြည်ထောင်စုကြီး  အစိတ်စိတ်အမြွှာမြွှာပြိုကွဲနိုင်သည့် အခြေအနေသို့  ရောက်ရှိစေရန်တွန်းပို့လျက်ရှိရာ တပ်မတော်သည် နိုင်ငံ့အရေးဖြစ်လာသည့်အတွက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုဖွဲ့စည်းကာ  နိုင်ငံတော်အာဏာကို  မလွှဲမရှောင်သာဘဲ  ရယူထိန်းသိမ်းခဲ့ရသည်။

တော်လှန်ရေးကောင်စီသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ ပြဋ္ဌာန်း၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြင့် နိုင်ငံကိုချီတက်ခဲ့ရာ ကနဦးကာလတွင် အောင်မြင်မှုများရှိခဲ့သော်လည်း အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အဆင့်ဆင့်သောပါတီ၊ ကောင်စီအဖွဲ့အစည်းများအတွင်း ပုဂ္ဂိုလ်ရေးအရ မနာလိုမုန်းတီးမှုများ၊ အောက်ခြေအဆင့်မှသည် ထိပ်ပိုင်းအဆင့်ထိ တစ်ကိုယ်ကောင်းဆန်မှု၊ အကျင့်ပျက်ခြစားမှုဖြစ်ပွားလာခဲ့သည်။ ဆိုရှယ်လစ် စီးပွားရေးစီမံကိန်းများ ကို ငါးနှစ်စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသော်လည်း အစိုးရဌာနဆိုင်ရာများ၏ အဆင့်ဆင့် သောစာရင်းလိမ်လည်ပြသမှုများကြောင့် စီမံကိန်းလုပ်ငန်းများသည် စာရွက်ပေါ်တွင်သာ အောင်မြင်မှုရှိနေပြီး လက်တွေ့ နယ်ပယ်တွင်နိုင်ငံ့စီးပွားရေးမှာချွတ်ခြုံကျခဲ့ရသည်။ ဆိုရှယ်လစ်စီးပွားရေးစနစ်   အောင်မြင်နေသည်ဟု အစိုးရ ကြွေးကြော်နေသော်လည်း နိုင်ငံအားဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း(LDC)သို့ ဝင်ရောက်ခဲ့ခြင်းမှာလည်း ပြည်သူလူထု အတွင်း အစိုးရအပေါ်မကျေနပ်မှုများဖြစ်ပွားစေခဲ့သည်။ ၁၉၈၇ ခုနှစ်အတွင်း  တရားဝင်ထုတ်ဝေထားသော ငွေစက္ကူများ ဖြစ်သည့် ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်များကို သုံးစွဲရန် တရားမဝင်ကြောင်း နိုင်ငံတော်အစိုးရက ကြေညာခဲ့ရာ ပြည်သူလူထုအတွင်း အစိုးရ အပေါ်မကျေနပ်ချက်များသည် အမြင့်မားဆုံးအခြေအနေသို့  ရောက်ရှိသွားခဲ့

သည်။

အစိုးရအပေါ်  အထက်ပါ အထွေထွေမကျေနပ်ချက်များကိုအရင်းခံ၍ ၁၉၈၈ ခုနှစ် မေလတွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် အင်းစိန်ရှိအရပ်သားအချို့ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့သည့်ရန်ပွဲမှ အစပြု ကာ  အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသကဲ့သို့ တစ်နိုင်ငံလုံးဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ဆူပူအုံကြွမှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းမနိုင်သိမ်းမရအခြေအနေသို့ရောက်ရှိလာပြီး အစိုးရတာဝန်ရှိသူများမှာလည်း    အသီးသီးနုတ်ထွက်သွားကြသည်။ မင်းမဲ့စရိုက်များ နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိရာ နိုင်ငံတော်ကြီး မှာ ချောက်ကမ်းပါးထဲ ကျရောက်လုဆဲဆဲ အခြေအနေသို့  ရောက်ရှိလာခဲ့သည်။ နိုင်ငံအတွင်း  တစ်နေ့တခြားဆိုးဝါးလာ သောအခြေအနေများ ကြောင့် တပ်မတော်သည်  နိုင်ငံ့အရေးဖြစ်လာသည့်အတွက် မနေသာတော့ဘဲ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံတော်အာဏာကိုမလွှဲမရှောင်သာရယူထိန်းသိမ်းခဲ့ရပြန်သည်။
တပ်မတော်သည် နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်းပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ လုပ်ငန်းတာဝန်ကြီး(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အာဏာကို မူလပိုင်ရှင်ပြည်သူများထံသို့ စနစ်တကျလွှဲပြောင်းပေးနိုင်ရေးအတွက် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်ချမှတ်၍ တစ်ဆင့်ပြီးတစ်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။  နိုင်ငံတစ်ဝန်းရှိပြည်သူများ ၏ထောက်ခံမှုဖြင့် ဖြစ်ပေါ်လာသောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှတ်တော်များ ပေါ်ပေါက် ရေးဆောင်ရွက်ပေးခဲ့ပြီး လွှတ်တော်မှရွေးချယ်တင်မြှောက် သောအစိုးရအဖွဲ့ထံသို့ နိုင်ငံတော်အာဏာကို စနစ်တကျ လွှဲပြောင်းပေးခဲ့သည်။

ပထမအကြိမ် လွှတ်တော်သက်တမ်း (၂၀၁၁-၂၀၁၅ ခုနှစ်)၊  ဒုတိယအကြိမ် လွှတ်တော်သက်တမ်း(၂၀၁၆-၂၀၂၀ ပြည့် နှစ်)တို့တွင် တပ်မတော်သည် အာဏာရပါတီအစိုးရများနှင့်အတူ    နိုင်ငံတော်အတွက် အရေးကြီးဆုံးဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုရလဒ်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။
တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပခဲ့ရာ လက်ရှိအာဏာရပါတီအနေဖြင့်   မိမိတို့ပါတီအနိုင်ရရှိရေးအတွက် မဲမသမာမှုများကို  ကြိုတင်ကြံစည်ပြုလုပ် ခဲ့ကြောင်းစိစစ်တွေ့ရှိခဲ့သည်။ အဆိုပါမဲမသမာမှုများကိုဖြေရှင်းပေးရန် တပ်မတော်အနေဖြင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် အစိုးရတာဝန်ရှိသူများထံ နည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း   သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန်ကြိုးပမ်း လာခဲ့သည်။   အဆိုပါလုပ်ရပ်များကိုအချိန်မီတားဆီးရန် တပ်မတော်အနေဖြင့် နိုင်ငံ့အရေးကိုရှေးရှု၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ နိုင်ငံတော်အာဏာကို   ထိန်းသိမ်းခဲ့ရသည်။

အချုပ်အားဖြင့်ဆိုရသော် ခေတ်အဆက်ဆက်နိုင်ငံရေးသမားများ၏ အချင်းချင်း မညီညွတ်မှု၊   အာဏာလွန်ဆွဲမှုများ၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ၊ အာဏာယစ်မူးသူများကြောင့်  နိုင်ငံတော်သည်အမျိုးမျိုးသော ပြိုကွဲမည့်အန္တရာယ်များ နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အဆိုပါတိုင်းပြည်ဒုက္ခရောက်မည့် အခြေအနေကျရောက်တိုင်း တပ်မတော်သည် နိုင်ငံတော်၏ အကျိုး၊ ပြည်သူလူထု၏အကျိုးကိုရှေးရှုကာ   နိုင်ငံ့အရေးကိစ္စများကို ဝင်ရောက်ကိုင်တွယ် ဖြေရှင်းပေး ခဲ့ရသည်။

ထိုကဲ့သို့ နိုင်ငံ့အရေးကို   ထမ်းရွက်ရင်း နိုင်ငံသူ၊ နိုင်ငံသားတို့အကျိုးကိုမျှော်ကိုး၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအုတ်မြစ်များကို  ချမှတ်ပေးနိုင်ခဲ့သည်။ ခေတ်အဆက်ဆက်နိုင်ငံတော်တွင် အရေး ကြုံလာတိုင်း တပ်မတော်သည် ရှေ့ဆုံးမှမားမားမတ်မတ်ရပ်တည်ကာ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်ကို သမိုင်းဖြစ်ရပ်များက   သက်သေပြု လျက်ရှိနေသည်။  သို့ဖြစ်ရာ တပ်မတော်သည်နိုင်ငံတော်တွင် မည်သို့သောအခက်အခဲ၊ အကျပ်အတည်းများနှင့် ရင်ဆိုင် ကြုံတွေ့ရသည်ဖြစ်စေ နိုင်ငံတော်နှင့်နိုင်ငံသား တို့၏အကျိုးစီးပွားကိုရည်မျှော်၍  နိုင်ငံ့အရေးကို အစဉ်မနှေးဘဲ ဦးလည်မသုန် ထမ်းရွက်သွားမည့်တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါကြောင်း မကြာမီကျရောက်တော့မည့် (၇၉)နှစ် မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုရင်းရေးသားလိုက်ရပေသည်။
ကျော်ဇောဦး(မောရှမ်းမြေ)