(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားဖွင့်လှစ်

 

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားဖွင့်လှစ်

 

နေပြည်တော် မတ် ၂၅

    (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူး တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက    နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများသည် ကျေးလက် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှု အပေါ် များစွာ အခြေခံနေသောကြောင့် ကျေးလက်လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုမှာ အဓိကအရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့်    လမ်းတံတားများလိုအပ်ကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံ၏  ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေးတို့အတွက် ရည်မှန်းချက်များ၊  ကျေးလက်လမ်းတံတား ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများလည်း ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။ 

    ယနေ့ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်သည့် “ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား” သည် တံတားအရှည် ပေ  ၈၄၀၊ တံတားအကျယ်  ပေ ၂၀၊ လူသွားလမ်း တစ်ဖက် ၁ ပေစီရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် သံကူကွန်ကရစ်ရက်မ တပ်ဆင် အသုံးပြုထားသည့် တံတားအမျိုးအစားဖြစ်ကြောင်း၊ တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် ၃၆ တန်အထိ ဖြတ်သန်းအသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စံချိန်စံညွှန်း နှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်ထားသည့် ကျေးလက်လမ်းတံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့်    ယာဉ်များကို ခွင့်ပြုအလေးချိန်များအတိုင်း ဖြတ်သန်းမောင်းနှင်ကြရန်  တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တံတားကြီး တည်ဆောက်နိုင်မှုကြောင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ အေးချမ်းသာကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာ၊ ဆနွင်းအိုင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ(၄)ရွာနှင့် ကျေးလက်ဒေသနေ ပြည်သူများမှ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နေပြည်တော်  လယ်ဝေးမြို့၊ ပျဉ်းမနားမြို့နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့  အချိန်မရွေးသွားလာ နိုင်မည်ဖြစ်သည့်အပြင် ဒေသထွက်ကုန်စည်များ အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

    ယင်းနောက်  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခု ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နိုင်မှုကြောင့် လယ်ဝေးမြို့နယ် အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ(၅)ရွာမှ အိမ်ခြေ ၁၅၀၅ အိမ်၊ လူဦးရေ ၆၇၂၇ ဦးကို တိုက်ရိုက်အကျိုးပြု နိုင်မည်ဖြစ်သည့်အပြင် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက၇၇၀၀ ကျော်မှထွက်ရှိသော ဒေသထွက်ကုန်၊ ထုတ်ကုန်များကို မြို့ပေါ်ဈေးကွက်သို့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့်   တံတားရေရှည် တည်တံ့ ခိုင်မြဲအောင် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက် ပေးစေလိုကြောင်း ပြောကြားပြီး   ဒေသခံ ပြည်သူတစ်ဦးက တံတားတည်ဆောက် ပေးသည့်အတွက်   ကျေးဇူးတင်စကား  ပြန်လည်ပြောကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်  နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတို့က ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတားသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဧည့်သည်တော်များကို တံတားဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

    ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က တံတားကမ္ပည်း မော်ကွန်းကို   စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ တံတားအား ဖြတ်သန်းကြည့်ရှုကြသည်။

    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် စိမ်းစားပင် ကျေးရွာရှိ မြန်မာ- ကိုရီးယား အဆင့်မြင့် ဆန်စက်သို့ရောက်ရှိပြီး   စပါးကြိတ်ခွဲ ဆောင်ရွက်နေမှု၊    ထွက်ရှိလာသော ဆန်များ တင်ပို့ရောင်းချနေမှုကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ်   သူဌေးကုန်းကျေးရွာ၊ ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် စိုက်ပျိုးမြေများပေါ်တွင် ရုရှားသဘာ၀ မြေသြဇာအသုံးပြု၍  အစေ့ထုတ်ပြောင်းGT-200 မျိုးစမ်းသပ် စိုက်ပျိုးထားရှိမှု၊ နွေစပါး၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာ၊ နှမ်းနှင့် ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှု  အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေး နွေးမှာကြား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။