လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံဖွင့်ပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော် မတ် ၂၅

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ကျေးလက်ကျန်းမာရေး ဌာနခွဲ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ အောင်သာကျေးလက် ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကာ ဆေးခန်းအတွင်း  လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသခံပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပြီး  ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ ဒေသအတွင်းရှိသည့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း က အောင်သာကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက အောင်သာကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာများ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ရက်ကန်းစင်တောင်တော် ဓမ္မပါလကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇိန္ဒအား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရန်အတွက် ဆောင် ရွက်ထားရှိမှုသရုပ်ပြ အခမ်းအနား တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ထားရှိမှုကို   လိုက်လံကြည့်ရှုစစ်ဆေးပြီး နေပြည်တော် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးကြသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရာဇဌာနီလမ်းဘေး ဝဲ/ယာတစ်လျှောက်နှင့် ပင်လောင်းလမ်းဘေး ဝဲ/ယာတစ်လျှောက်တွင် နွေသီးနှံစိုက်ပျိုးမည့်တောင်သူများက နွေသီးနှံစိုက်ပျိုးရန် အတွက် မြေယာပြုပြင်ထားမှု အခြေအနေများနှင့် စိုက်ပျိုးရေပေးဝေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။