(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ချင်းဆက် အမှတ်(၁)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ

 

 (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်ချင်းဆက် အမှတ်(၁)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂၅

    (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  တိုက်ကြီးမြို့နယ် ခရိုင်ချင်းဆက် အမှတ်(၁)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်း၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/   ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး  လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထင်ကျော်က ၂၀၂၃ - ၂၀၂၄ ခုနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ခရိုင်ချင်းဆက်လမ်း အမှတ်(၁)အရှည် ၃ မိုင် ၃ ဖာလုံ၊ အကျယ် ၁၆ ပေရှိ ကွန်ကရစ်လမ်းအား တိုက်ကြီးမြို့နယ် လမ်းပိုင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့မှ တိုက်ကြီးမွေးမြူရေးဇုန်သို့ သွားရောက်သည့် လမ်းပိုင်းဖြစ်ပြီး  တိုက်ကြီးမွေးမြူရေးဇုန်မှထွက်ရှိသော စားသောက်ကုန်များအား   တိုက်ကြီးမြို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များသို့ လွယ်ကူစွာ သယ်ယူပို့ဆောင် ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်းနှင့်   စီမံကိန်း ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးနှင့်   စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို မျှော်မှန်း၍  ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်   အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုပြောကြားပြီး ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှုအား ဖြတ်သန်းကြည့်ရှု စစ်ဆေး၍   ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် လမ်းဖွင့်ပွဲအား စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ညွှန်ကြားရေးမှူး ဦးထင်ကျော်နှင့် တာဝန်ရှိသူတို့က  ခရိုင်ချင်းဆက် အမှတ်(၁)လမ်း ကွန်ကရစ်လမ်းသစ်အား  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်း ပတ်လမ်းများ ဖောက်လုပ်ပြီးစီးမှု၊ လမ်းခင်းရန် ပြင်ဆင်ဆောင်ရွက်နေမှု၊  ရေရရှိရေးလျှိုပိတ်တမံ ဆောင်ရွက်နေမှု၊   လျှပ်စစ်ဓာတ်တိုင်များ စိုက်ထူ၍ လျှပ်စစ်မီးရရှိရေး သွယ်တန်းမည့် အခြေအနေများ၊ ၁ မိုင် ၄ ဖာလုံရှိ ခရိုင်ချင်းဆက်လမ်းအား အောက်ခံ ၁၈ ပေ အကျယ်၊ ၆ လက်မထု ကျောက်လွှာခင်းပြီး အပေါ်တွင် ၁၆ ပေ အကျယ်၊ ၉ လက်မထု ဘေးနှစ်ဖက်တွင် ၃ ပေအကျယ် လမ်းပခုံးပါ ကွန်ကရစ်ခင်းရန် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။