ကိုရီးယားလေကြောင်း အာကာသစက်မှုလုပ်ငန်း(KAI)က လာမယ့်နှစ်မှာထွက်ပေါ်လာမယ့် KF-X တိုက်လေယာဉ်ရှေ့ပြေးပုံစံ

လာမယ့်နှစ်မှာထွက်ပေါ်လာမယ့် KF-X တိုက်လေယာဉ်ရှေ့ပြေးပုံစံ

ကိုရီးယားလေကြောင်း အာကာသစက်မှုလုပ်ငန်း(KAI)က လာမယ့်နှစ်ဧပြီလမှာ KF-X တိုက်လေ ယာဉ်ရဲ့ ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသတော့မှာပါ။ KAI ကုမ္ပဏီကဖြန့်ချိတဲ့  Fly Together မဂ္ဂဇင်းနောက်ဆုံးထုတ်မှာ KF-X တိုက်လေယာဉ်ရဲ့ လေယာဉ်ကိုယ်ထည်ဓာတ်ပုံ ပါဝင်လာတာ တွေ့ရပါတယ်။ ဒီလေယာဉ်နဲ့ပတ်သက်ပြီး အဲဒီမဂ္ဂဇင်းထဲမှာ အသေးစိတ် ဖော်ပြထားတာမရှိပေမယ့် Janes သတင်းဌာနကတော့ ဒီလေယာဉ်ဟာ ၂၀၂၂ ခုနှစ်မှာ လက်တွေ့ပျံသန်းမှုတွေ လုပ်တော့မယ်လို့ ဖော်ပြထားပါတယ်။ 

တောင်ကိုရီးယားနိုင်ငံရဲ့ တစ်ခုတည်းသောလေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ KAI ဟာ အခုဆိုရင် ပဉ္စမမျိုးဆက် KF-X တိုက်လေယာဉ်ကိုယ်ထည်အတွက် အပေါ်ပိုင်း၊ အောက်ပိုင်းနဲ့ အလယ်ပိုင်းတွေကို ထုတ်လုပ်တပ်ဆင်နေပါပြီ။ KF-X တိုက်လေယာဉ်တွေရဲ့ အဆင့်ဆင့်တိုးတက်မှုကို Block 0၊ Block 1၊ Block 2 ဆိုပြီး သတ်မှတ်ထားပါတယ်။ Block 0 ဆိုတာကတော့ တိုက်လေယာဉ်ရဲ့ ရှေ့ပြေးပုံစံကိုဆိုလိုတာပါ။ ရှေ့ပြေးပုံစံထုတ်ဖော်ပြသပြီး လေးနှစ်အတွင်း စမ်းသပ်မှုတွေနဲ့ နောက်ဆုံးထုတ်လုပ်မှုကို လုပ် မှာဖြစ်တဲ့အတွက် ၂၀၂၆ ခုနှစ်နှစ်လယ်မှာ မောင်းနှင်နိုင်တဲ့ လေယာဉ်အဖြစ် ထွက်ပေါ်လာပါ မယ်။ Block 1 အဆင့်ကတော့ ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၈ ခုနှစ်ကြားမှာ ထွက်ပေါ်လာမှာဖြစ်ပြီး အဲဒီ အဆင့်မှာဆိုရင် ဝေဟင်မှမြေပြင်ပစ်နဲ့ ဝေဟင်မှဝေဟင်ပစ် လက်နက်စနစ် တစ်စိတ်တစ်ပိုင်း တပ်ဆင်လာနိုင်ပါတယ်။ 

Block 2 အဆင့်ကတော့ နောက်ဆုံးအဆင့်ဖြစ်ပြီး  ၂၀၂၉ ခုနှစ်မှာ ထွက်ပေါ်လာနိုင်ပါတယ်။ ဒီအဆင့်မှာတော့ လေယာဉ်က လက်နက်အပြည့်အစုံနဲ့ တိုက်ပွဲဝင်အသင့်ဖြစ်နေပါပြီ။ KAI မှတာဝန်ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရဆိုရင် လက်ရှိမှာသူတို့က ဂျင်နရယ် အီလက်ထရစ် ကုမ္ပဏီကနေ လေယာဉ်အင်ဂျင် ၁၅ လုံးရရှိထားပြီလို့ သိရပါတယ်။ ရှေ့ပြေး ပုံစံအတွက်ထုတ်မှာက လေယာဉ်ခြောက်စင်းဖြစ်ပြီး လေယာဉ်တစ်စင်းကို အင်ဂျင်နှစ်လုံးစီ ပါဝင်ပါမယ်။ ကျန်အင်ဂျင်သုံးလုံးကတော့ အရန်အနေနဲ့ဖြစ်မယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ F-4D/E Phantom 2 နဲ့ F-5E/F Tiger 2 လေယာဉ်အုပ်တွေနေရာမှာ KF-X တိုက်လေယာဉ်တွေကို အစားထိုးသွားမှာ ဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်ဖို့ ရည်မှန်းထားတဲ့ KF-X လေယာဉ်အစင်းပေါင်းက ၁၂၀ ဖြစ်ပြီး ဂျင်နရယ် အီလက်ထရစ်ကုမ္ပဏီကလည်း လေယာဉ်အင်ဂျင်အလုံးပေါင်း ၂၄၀ နဲ့ အရန်အင်ဂျင်တွေကို ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။