သန့်ရှင်းကျန်းမာ လက်ဆေးပါ

လူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံး၏အညစ်ပေဆုံးနေရာသည် လက်ဖဝါးဖြစ်သည်။ လက်ဖဝါးညစ်ပေခြင်းက  တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း၏ပြယုဂ်ဖြစ်၍  အမြင်လှသလို၊  ကျန်းမာရေးရှုထောင့်ကကြည့်လျှင် လည်း  မိမိအတွက်သာမက  မိမိပတ်ဝန်းကျင်ကိုပါ ကူးစက်ရောဂါပိုးများ ဖြန့်ဝေနေခြင်းဖြစ်သည်။ ထို့ကြောင့် လက်များကို ပုံမှန်ဆေးကြောတတ်သည့် အလေ့အကျင့်  ကောင်းကိုမွေးမြူခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရာ ရောက်ပေသည်။

လက်ဆေးကြောရေးနေ့ ရက်သတ္တပတ်(ဒီဇင်ဘာ ၁ - ၇ ရက်)

သမိုင်းကြောင်းကိုလေ့လာကြည့်ရာတွင် လက်ကို သန့်ရှင်းစွာထားခြင်းက လူသားတို့ကျန်းမာရေး ကောင်းမွန်ခြင်း အတွက် တိုက်ရိုက်အချိုး ကျနေကြောင်းကို  အီတလီသိပ္ပံပညာရှင်  ကဗျာ ဆရာကြီးလည်း ဖြစ်သော Girolamo Fracastoro ဆိုသူက ၁၅၄၆ ခုနှစ်  (လွန်ခဲ့သောနှစ်ပေါင်း ၄၇၄ နှစ်) ကတည်းက လေ့လာ တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် သန့်ရှင်းကျန်းမာ စွာ လက်ဆေးခြင်းက ကမ္ဘာ့နိုင်ငံအသီးသီးမှ ကလေး များစွာ၏ အသက်ကို  ကယ်တင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ၂ဝဝ၈ခုနှစ်ကစ၍  တိုက်တွန်း နှိုးဆော်ခဲ့သည်။  နိစ္စဓူဝဘဝနေထိုင်မှုပုံစံတွင် သန့်ရှင်းကျန်းမာစေရန် လက်ဆေးကြောခြင်းကို  မဖြစ်မနေလုပ် ဆောင်ကြစေ လိုသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက နှစ်တစ်နှစ်၏ အောက်တိုဘာ ၁၅ ရက်ကို  ''ကမ္ဘာ့လက်ဆေး ကြောရေးနေ့ (Global Hand Washing Day) အဖြစ်သတ်မှတ်ထားသည်။ ထို့ပြင် ဒီဇင်ဘာလ ၁-၇  ရက်ကို  ''အမျိုးသား လက်ဆေးကြောရေး  သတိပြု သင့်သည့် ရက်သတ္တပတ် (National Handwashing Awareness Week December 1-7)''ဟု အထူး တလည် သတ်မှတ်ပေးထားပါသည်။

လက်ဆေးကြောခြင်းနှင့် မြန်မာပြည်

အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံတွင် ကလေးသူငယ်များ လက်ဆေးကြောသန့်ရှင်းမှုဆိုင်ရာ  အားနည်း ချက်ကြောင့်   အသက်တစ်လမပြည့်မီနှင့်  အသက်ငါးနှစ်အောက်ကလေး သေဆုံးနှုန်းအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်း၊ ကြိုတင်ကာကွယ်နိုင်သော ဝမ်းပျက်ဝမ်းလျှော၊ အဆုတ်ရောင်ရောဂါများ တွင်လည်း လက်ဆေးကြောမှု အားနည်းခြင်းကြောင့်  မြန်မာနိုင်ငံရှိ ကလေးငယ်  ၅၆ဝဝဝ ခန့်မှာ အသက်  ငါးနှစ်မပြည့်မီ နှစ်စဉ် သေဆုံးနေကြရကြောင်း၊ ၎င်းတို့ အနက် ကလေးငယ် ၄၁ဝဝဝ ခန့်မှာ အသက်တစ်လ မပြည့်မီ သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ  ၂ဝ၁၅ ခုနှစ်ဝန်းကျင်က သတင်း ထုတ်ပြန်ထားကြောင်း  လေ့လာ မှတ်သားရသည်။

သန့်ရှင်းကျန်းမာ လက်ဆေးပါ

ကမ္ဘာတစ်လွှားတွင် နမိုးနီးယား သို့မဟုတ် ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် ၂၅ စက္ကန့်တိုင်း ကလေးတစ်ဦး  သေဆုံးရလျက်ရှိသည်။ ပိုမို၍စိတ်မကောင်းဖွယ်ရာမှာ  ယင်းသို့သေဆုံးမှုကို   လက်များအား    ဆပ်ပြာဖြင့် ဆေးကြော၍ သန့်ရှင်းစွာထားခြင်းဖြင့် ရိုးရှင်းလှသည့်  ကြိုတင်ကာကွယ်မှုအတွက် ကျန်းမာရေးသုတပညာ  လွန်စွာအားနည်းနေကြခြင်းဖြစ်သည်။ 

ထမင်းမစားမီ လက်ဆေးသည်ဆိုရာမှာ ဇလုံထဲက ရေတွင် လက်ကိုနှစ်၍ရေစွတ်ရုံစွတ်ကြပြီး လက်ရှိ အညစ် အကြေးများ၊ ကြေးညှော်များကို  နှူးသလိုသာ ဖြစ်စေသည်။ ရေတစ်မျိုးတည်းဖြင့် လက်ကိုဆေးကြော ခြင်းသည် မျက်စိဖြင့်မြင်နိုင်သော ရောဂါပိုးများကိုသာ သေစေနိုင်၍ ဆပ်ပြာနှင့်စင်ကြယ်စွာ လက်ဆေး ပေးမှသာလျှင် မြင်နိုင်သောရောဂါပိုးနှင့် မမြင်နိုင်သော  ရောဂါပိုးအားလုံးတို့ကို သေစေနိုင်မည်ဖြစ်သည်။

ဆပ်ပြာနှင့်လက်ဆေးခြင်းက နမိုးနီးယားကူးစက်မှုကို ၂၃ ရာခိုင်နှုန်း၊  

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကို ၃ဝ-၅ဝ ရာခိုင်နှုန်း၊

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားနှုန်းကို   ၂ဝ-၄၅ ရာခိုင်နှုန်းအထိ    လျော့ကျစေနိုင် သည်။

ထို့ကြောင့်   အစာ မစားမီနှင့်  အစာစားပြီးချိန်၊  ဆော့ကစားပြီးချိန်၊ အိမ်သာတက်ပြီးချိန်၊ ကလေး အညစ်အကြေး များအား သန့်စင်ပြီးချိန်နှင့် အစားအစာ များ မချက်ပြုတ်မီအချိန်တိုင်းမှာလည်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြော သင့်ကြောင်းတို့ကို ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ   စဉ်ဆက်မပြတ် တိုက်တွန်းထားသည်။  ထို့ပြင် မြန်မာနိုင်ငံအခြေခံပညာကျောင်းများတွင်  ကလေးငယ်များ   လက်ဆေးခြင်းအလေ့အထများ  သင်ကြား ပေးခြင်း၊ သန့်လေးသန့်(လက်သန့်၊ ရေသန့်၊ အစာသန့်၊ မိလ္လာသန့်) အစီအစဉ်များ ဆောင်ရွက်စေခြင်း စသည်ဖြင့်   လက်ဆေးခြင်း ဆိုင်ရာ   ကျန်းမာရေး စီမံချက်များရေးဆွဲကာ အကောင်အထည်ဖော်ဆောင် လျက်ရှိသည်။ မည်သို့ပင်ဆိုစေကာမူ မိမိနှင့်မိသားစု ကိုယ်တိုင် ၎င်းအစီအမံများကို  လိုက်နာဆောင်ရွက် နိုင်မှသာ  တစ်မိသားစုလုံး  ကျန်းမာ စေနိုင်မည်ဖြစ်ပေသည်။

ကျန်းမာအောင်လက်ဆေးကြောနည်းလမ်းညွှန်

အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန  (CDC) အဆိုအရ  လက်ဆေးလျှင်   အနည်းဆုံး  စက္ကန့် ၂ဝ အချိန်ယူပြီး သေချာစွာဆေးသင့်ကြောင်း အကြံပြုထားသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် အညစ်ပတ် ဆုံးနေရာက  လက်ဖဝါးနှင့် လက်ချောင်းများဖြစ်ကြသည်။

သင်တစ်နေ့လျှင် ဘယ်နှကြိမ်လက်ဆေးလေ့ ရှိပါသနည်း?

သင့်လက်ကို ဘယ်လိုဆေးကြောပါသနည်း?

အမှန်တကယ် သန့်စင်အောင်ဆေးဖြစ်ပါရဲ့လား?

ကျန်းမာစွာလက်ဆေးကြောနည်းပုံစံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။  ရှေးဦးစွာ   လက်ကိုရေဖြင့် လောင်းချပြီး ဆပ်ပြာ အလုံအလောက်သုံး၍ ယခုလို  တစ်ဆင့်ပြီးတစ်ဆင့် ဆေးကြောပေးပါ။

ဦးစွာပထမ လက်ကိုပက်လက်လှန်ပြီး လက်ဖဝါး နှစ်ဖက်ကို သေသေချာချာပွတ်ပါ။

ထို့နောက် လက်ကိုမှောက်ပြီး  လက်ဖမိုးများကို သေသေချာချာပွတ်ပါ။

လက်ဖဝါးနှစ်ဖက်ကို   မျက်နှာချင်းဆိုင်ထားပြီး ဘယ်/ညာလက်ချောင်းကြား အချင်းချင်းပွတ်တိုက် ဆေးကြောပါ။

လက်ကိုမှောက်၍  ဘယ်/ညာလက်ချောင်းကြား အချင်းချင်းပွတ်တိုက်ဆေးကြောပါ။

လက်မကို စက်ဝိုင်းသဏ္ဌာန်ပွတ်တိုက်ကာ လက်မ နှင့်လက်ညှိုးကြား အရေပြားများကို  ဘယ်/ညာ  အပြန်အလှန် ခပ်ဖွဖွကုတ်ခြစ်ဆေးကြောပါ။

လက်သည်းကြားတွင် ရှိနေသော ချေး(ကြေး)ညှော်များ ကင်းစင်ရန်အတွက် လက်ဝဲဘက်လက်ဖဝါးပေါ်ကို  လက်ယာ ဘက် လက်ချောင်းများဖြင့် ကုတ်ခြစ်ပါ။

တစ်ဖန် လက်ယာဘက်လက်ဖဝါးပေါ်ကို လက်ဝဲ ဘက်လက်ချောင်းများဖြင့် ကုတ်ခြစ်ပါ။

ဘယ်/ညာလက်ကောက်ဝတ်နှစ်ဖက်ကို အပြန်အလှန် စက်ဝိုင်းသဏ္ဌာန် ပွတ်တိုက်ဆေးကြောပါ။

အားလုံးလုပ်ဆောင်ပြီးသွားပါက ရေအလုံအလောက် လောင်းချပြီး ရေများကိုခပ်ကြမ်းကြမ်း ခါထုတ်ကာ  ခြောက် သွေ့ သန့်စင်သော လက်သုတ်ပဝါ သို့မဟုတ်  တစ်ခါသုံးတစ်ရှူးဖြင့် ရေစင်အောင်သုတ်ပါ။

သန့်ရှင်းစင်ကြယ်သော လက်များဖြင့် ကျန်းမာ ပျော်ရွှင်နိုင်ကြပါပြီ။

လက်ကို စင်ကြယ်စွာဆေးကြောခြင်းနှင့်ပတ်သက်၍ ''လက်ဖဝါး၊ လက်ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်ရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက် ဝတ်မှာ အဆုံးသတ်ပါ''ဟူသော မှတ်သားရလွယ်ကူ သည့်ကဗျာလေးအတိုင်း လိုက်နာရွတ်ဆို၍ လက်ကို  စင်ကြယ်စွာဆေးကြောခြင်းက ကျန်းမာရေးကိုလည်း  တစ်ဖက်တစ်လမ်းက များစွာအထောက်အကူဖြစ်စေပါသည်။

ယခုအခါ တစ်ကမ္ဘာလုံးကို နှိပ်စက်လျက်ရှိသော ကူးစက်မြန်  COVID-19ရောဂါကိုဖြစ်စေသည့်  ကိုရိုနာဗိုင်း ရပ်ပိုးကို ကာကွယ်သည့်အနေဖြင့် လက်ကို  ဆပ်ပြာဖြင့် စက္ကန့် ၂ဝ ကြာဆေးကြောရန် နှိုးဆော် ထားပြီးဖြစ်ရာ   ကမ္ဘာ့လူသားအားလုံး   လက်ကို မကြာမကြာစင်ကြယ်စွာ ဆေးကြောရမည့်    အလေ့ အကျင့်ကို နားရည် ဝနေကြ ပြီဖြစ်သည်။  သို့သော် လူသားအားလုံး အမှန်တကယ် လိုက်နာလေ့ကျင့်ရန်  အားနည်းချက် အချို့တွေ့ ရသေးသည်။ ယခုလို အရေးကြီးသည့် ကာလတွင် ကိုဗစ်ရောဂါပိုး မိမိတို့ တိုင်းပြည်မှ  မကွယ်ပျောက် မချင်း  အရေးတကြီး ကိစ္စမရှိပါက ဖြစ်နိုင်လျှင် အိမ်ထဲမှာပဲနေသင့်သည်။  မလွှဲမရှောင်သာ၍ အိမ်ပြင်ထွက်သွား လာရသည့်အခတိုင်း အယ်ကိုဟော ၇ဝ ရာခိုင်နှုန်းနှင့်အထက်ပါသော လက်ဆေးရည် သို့မဟုတ်  Hand Gel ဆောင် ထား သုံးသင့်သည်။ အိမ်ပြန် ရောက်သည့် အခါတွင်လည်း ဆပ်ပြာများများနှင့် ရေများများသုံး၍ အထက်တွင်  ဖော်ပြထားသော ကဗျာလေးအတိုင်း လက်ဆေးသင့်ပါသည်။

ကိုရိုနာဗိုင်းရပ်ပိုး၏ အပေါ်ယံ အခွံအကာသည် အဆီတစ်ထပ် ဖုံးအုပ်ထားသည့်အတွက် ဆပ်ပြာ၏ မော်လီကျူးက သာ  ၎င်းပိုး၏  အပေါ်ယံအဆီကို    အစိတ်စိတ် အပိုင်းပိုင်း ပြတ်သေကျေ နိုင်ပါလိမ့်မည်။  ထို့ကြောင့်     သန့်ရှင်း ကျန်း မာစေရေးအတွက် လက်ဆေးကြပါရန် တိုက်တွန်း ချင်ပါသည်။

အထူးသတိပြုသင့်သည့် အချက်မှာ တစ်ရက်တာ၊  တစ်ခဏတာ၊ ရက်သတ္တပတ်တာ အတွက်မျှသာမဟုတ် ဘဲ တစ်ဘဝတာလုံးတွင် နေ့စဉ်နေ့တိုင်း လက်များကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောသော အလေ့အထ ကောင်းကို အစဉ်တစိုက် ဆောင်ရွက် ပေးဖို့ လိုအပ်ပါသည်။     ။

ပေါက်ပေါက်