ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

 

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော်  မတ်  ၂၆

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ  အခြေခံစာတတ်မြောက်ရေး  ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန  ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊  ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊  တာဝန်ရှိသူများနှင့် ဗဟိုအဆင့်နည်းပြ  သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ၊ နိုင်ငံသားများ၏ စာတတ်မြောက်မှုသည် အဓိကလိုအပ်ချက်ဖြစ်သည်နှင့်အညီ ခေတ် အဆက်ဆက် နိုင်ငံတော်အစိုးရများက နိုင်ငံသားတိုင်း စာတတ်မြောက်ရေး၊ အတန်းပညာ တတ်မြောက်ရေး စသည့်ပညာရေးဆိုင်ရာများကို အလေးထားဆောင်ရွက်ခဲ့ကြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးလက်နေ ပြည်သူများ၏  ပညာရေးမြှင့်တင်မှု မလွဲမသွေဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး၌ လမ်းညွှန်မှာကြား ထားရှိခဲ့ကြောင်း၊ သို့ဖြစ်၍ယခုနှစ် လာမည့် ဧပြီလ ၆ ရက်မှ မေလ ၁၅ ရက်အထိ ရက်ပေါင်း ၄၀ ကြာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တစ်ရက်သင်ကြား၊ သင်ယူချိန် ၃ နာရီဖြင့် နာရီပေါင်း ၁၂၀ ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊   ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်သားသုံးစာအုပ်များ၊ စာရေးကိရိယာများ၊ နည်းပြ ကြီးကြပ်သုံးစာအုပ်များ၊ စာရေးကိရိယာများ၊ စာသင်ဝိုင်းသုံးထောက်ပံ့ပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိန်မီ အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း။

ယခု ဗဟိုအဆင့်နည်းပြသင်တန်းကိုတက်ရောက်လာကြသည့် ဗဟိုအဆင့်သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို တက်ကြွစွာပါဝင်သင်ယူပြီး မိမိတို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာဆင့်ပွားသင်တန်းများပြန်လည်ပို့ချနိုင်အောင်သင်ခန်းစာများအပေါ်ဆွေးနွေးမှုများ ပြုလုပ်ကြစေလိုကြောင်း၊ ဗဟိုအဆင့်နည်းပြသင်တန်း ပြီးနောက်ဆင့်ပွားသင်တန်းများပို့ချရာတွင်လည်း မိမိတို့တိုင်းဒေသကြီးနှင့်ပြည်နယ်များ ၏ အစိုးရအဖွဲ့၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာတို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်  “မနီစာတတ်ပြီ” စာတတ် မြောက်ရေး ဗီဒီယိုဇာတ်လမ်းတိုကိုပြသပြီး အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးများ သည် သင်တန်းသား၊  သင်တန်းသူများကို ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။