(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းမှ အသင်းသား၊ အသင်းသူများ စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပ

 

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းမှ အသင်းသား၊ အသင်းသူများ စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပ

 

ရန်ကုန် မတ် ၂၆

    ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (ဗဟို)၏ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့်   (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် မင်္ဂလာဒုံတပ်မတော် ဆေးရုံကြီး၌ ကျင်းပသည်။

 အခမ်းအနားသို့ ဆေးရုံကြီးတပ်မှူး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ ဝိုင်အမ်ဘီအေ(ဗဟို) တွဲဖက် ဘဏ္ဍာရေးမှူး ဦးမြင့်သူ၊ တိုင်းဒေသကြီး ဝိုင်အမ်ဘီအေ အသင်းဥက္ကဋ္ဌ ဦးသန့်စင်၊ အတွင်းရေးမှူး ဦးထင်ကျော်မိုးနှင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှဥက္ကဋ္ဌများ တက်ရောက်ကြပြီး အင်းစိန်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့မှ အသင်းသား၊ အသင်းသူ ၅၀ တို့က စုပေါင်းသွေးလှူဒါန်းကြရာ ဆေးရုံကြီးတပ်မှူးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဖြည့်စွက်အာဟာရများ ပြန်လည်ပေးအပ်ကာ သွေးလှူရှင်များအား အလှူရှင်ဦးကျော်ဝင်း မိသားစုနှင့် တေးသံရှင်  ရွှေဖြူနန်းနွယ်က စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းကြသည်။

 အလားတူ   နယ်မြေခံ တပ်မတော်ဆေးရုံကြီးတို့တွင် ပဲခူးတိုင်းဒေသကြီး ဝိုင်အမ်ဘီအေအသင်းဥက္ကဋ္ဌ ဦးလှတင်ဦး ဦးဆောင်သော အသင်းဝင်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဝိုင်အမ်ဘီအေ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးမင်းမြတ်ဦးနှင့် အဖွဲ့ဝင်များက စုပေါင်းသွေး လှူဒါန်းကြသည်။

 ထို့အတူ မွန်ပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း(YMBA) နှင့် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်တို့မှ အသင်းသူ၊ အသင်းသား ၇၅ ဦးတို့က ယနေ့  နံနက် ၉  နာရီတွင် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးနှင့်နယ်မြေခံ တပ်မတော်ဆေးရုံတွင် တစ်ပြိုင်တည်း သွေးလှူဒါန်းကြရာ သွေးလှူဒါန်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော်ဆေးရုံကြီး တပ်မှူးနှင့်တာဝန်ရှိသူများ၊  ပြည်နယ် YMBA အသင်းဥက္ကဋ္ဌ   ဦးကြည်သိန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးအောင်မိုးနှင့် အလုပ်အမှုဆောင်များ တက်ရောက်အားပေးကြပြီး သွေးလှူဒါန်း သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများက စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ   ဂုဏ်ပြုချီးမြှင့် ပေးအပ်သည်။

  ထို့ပြင် ရှမ်းပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) ၏ စုပေါင်းသွေးလှူဒါန်းပွဲကို တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA)မှ အသင်းသား၊  အသင်းသူများ၏ စုပေါင်း သွေးလှူဒါန်းပွဲကို   ပုသိမ်မြို့ရှိ နယ်မြေခံဆေး တပ်ရင်း ဆေးရုံ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း   (YMBA)မှ အသင်းသား၊ အသင်းသူများ၏ သွေးလှူဒါန်းပွဲကို ကျောက်ဆည်ပြည်သူ့ ဆေးရုံကြီး၌ လည်းကောင်း ကျင်းပခဲ့ကြပြီး သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ  YMBA အသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဆေးရုံအုပ်ကြီးများ၊   တာဝန်ရှိသူများက သွေးလှူရှင်များအား သွားရောက်ကြည့်ရှု အားပေးကာ   အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။