ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ မတ် ၂၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် သီးခြားစီ လာရောက်ဖူးမြော် ကြည်ညို ကြသည်။

 ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့ သည့် ဗီဒီယိုမှတ်တမ်းများကို ဘုရားဖူး အဖွဲ့လိုက် သီးခြားစီ ရှင်းလင်းပြသကြသည်။

ထို့နောက် ဘုရားဖူးအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ တော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာ ကြည်ညိုကြသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ စကားသံများကို ယခုလို ကြားသိခဲ့ရပါတယ်။

၁။ Colonel General Alexander FOMIN

 ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး

ကျွန်တော်မြန်မာနိုင်ငံကို အရမ်းချစ်တဲ့အကြောင်း ပြောချင်ပါတယ်။ ကျွန်တော် အနေနဲ့ မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်နေတာ ၂၀၀၅ ခုနှစ် ကတည်းကဖြစ်ပြီး မြန်မာနိုင်ငံမှာမိတ်ဆွေညီကိုတွေ များစွာရရှိခဲ့ပြီးလည်းဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်အကြီးအကဲအပါအဝင် တပ်မတော်ဘက်၊ အရပ်ဘက်အကြီးအကဲများ နှင့်လည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ အခုလက်ရှိရောက်ရှိနေတဲ့ မာရဝိဇယဗုဒ္ဓဥယျာဉ်‌တော်ရဲ့စီမံကိန်းဟာဆိုရင် အရမ်းကိုကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး ဗုဒ္ဓဥယျာဉ်‌တော်ကြီး တည်ဆောက်နိုင်တာဟာ အရမ်းကိုအောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကို ကိုယ်စားပြုတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို တည်ထားကိုးကွယ်နိုင်တယ်ဆိုတာမျိုးက တကယ်ကိုသာသနာပြုမင်းကောင်းမင်းမြတ်တွေမှဆောင်ရွက်နိုင်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုဖြစ်ပါတယ်။ ပြည်သူလူထုကလည်းဗုဒ္ဓဘာသာကိုယုံကြည်ကြသလို အရမ်းကို ကြိုးစားကြတဲ့ပြည်သူတွေဖြစ်လို့ ဒီလိုမျိုး အောင်မြင်စွာဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ယဥ်‌ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းနိုင်တာကိုလည်း တကယ့်ကို တွေ့မြင်သဘောကျနှစ်ခြိုက်မိပါတယ်။ အခုလိုမျိုးမာရဝိဇယဘုရားကြီး အောင်မြင်စွာတည်ထားကိုးကွယ်နိုင်ခဲ့တဲ့ အတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြား လိုပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တာဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့အောင်ပွဲတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင် အားလုံးရဲ့အောင်ပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာဆိုရင်လည်း သမိုင်းကြောင်းအစဉ်အလာ ခိုင်မာတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး သမိုင်းသစ်မှတ်ကျောက်တင်တဲ့ မာရဝိဇယ ဘုရားကြီးလိုစီမံကိန်းတွေတည်ဆောက်တဲ့နေရာမှာ ပါဝင်ခဲ့ကြတဲ့ ပညာရှင်တွေအနေနဲ့ လည်း ရုရှားနိုင်ငံက အဆင့်မြင့်ပညာတက္ကသိုလ်ကျောင်းဆင်းတွေဖြစ်တယ်ဆိုတာ သိရပါ တယ်။ ကျွန်တော်တို့ရဲ့အဆင့်မြင့်ပညာတက္ကသိုလ်ကျောင်းဆင်း အရာရှိတွေက ကမ္ဘာ့ အမွေအနှစ်တစ်ခုကို တည်ဆောက်ပေးနိုင်ခဲ့တယ်ဆိုတာ သိရတဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။

၂။ Lama Bair TSYMPILOV

မော်စကိုဗုဒ္ဓဘာသာအသင်းတော်၊ ဥသျှောင်ဆရာတော်

အခုလိုမျိုးဒီနေ့မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံကလာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို မာရဝိဇယဘုရားကြီးကိုဖူးမျှော်ခွင့်ရအောင် စီစဉ်‌ပေးတဲ့အတွက်ဘုန်းဘုန်းအနေနဲ့ တာဝန်ရှိသူအားလုံးကိုကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ အခုလိုမျိုး ကြီးကျယ်ခမ်းနားလှတဲ့ ဗုဒ္ဓဥယျာဉ်‌တော်ကြီးကို လာရောက်ဖူး‌မြော်ရတဲ့အချိန်မှာ အရမ်းကိုဝမ်းသာပီတိဖြစ်မိပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံက ဗုဒ္ဓဘာသာကို ယုံကြည် ကိုးကွယ်သူတွေအားလုံးရဲ့ကိုယ်စားလည်း ဒီလိုမျိုးလာရောက်ဖူးမျှော်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ကြောင်းပြောလိုပါတယ်။ မာရဝဇယဗုဒ္ဓရုပ်ပွား‌တော်မြတ်ကြီးဟာဆိုရင် ကမ္ဘာမှာအကြီးမားဆုံးသောကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်တယ်ဆိုတာ သိရှိရပါ တယ်။ ထို့ပြင် ဥယျာဉ်‌တော်ကြီးရဲ့ကြီးမားခမ်းနားမှုဟာဆိုရင် သံလိုက်တစ်ခုပမာ ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့ လူတွေအားလုံးကို ဆွဲငင်နေတာလည်းဖြစ်ပါ တယ်။ ဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့သူတွေအနေနဲ့ ဘုရားကြီးကိုလာရောက်ဖူး‌မြော်ရင်း တရားဓမ္မတွေ အားထုတ်နိုင်မှာဖြစ်ပါတယ်။ အခုလိုဗုဒ္ဓရုပ်ပွားတော်ကြီးကို အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ကိုလည်း ဘုန်းဘုန်းအနေနဲ့ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး သာယာပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဘုန်းဘုန်းအနေနဲ့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

၃။ Mr.Pavel GUSEV

 ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးကောင်စီဥက္ကဌ

ကမ္ဘာပေါ်မှာနိုင်ငံပေါင်းများစွာ မှီတင်းနေထိုင်ကြတဲ့အခါ လူမျိုးစုတွေရဲ့ကြီးကျယ် ခမ်းနားမှုကို သူတို့ရဲ့ယဥ်‌ကျေးမှုနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒီယဥ်ကျေးမှုကို ထိန်းသိမ်းနိုင်စွမ်း၊ ပြန့်ပွားအောင်လုပ်နိုင်စွမ်းက အဲ့ဒီလူမျိုးစုရဲ့ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြပါတယ်။ ကျွန်တော်အခုရောက်ရှိနေတဲ့ မာရဝိဇယဗုဒ္ဓဥယျာဉ်‌တော်ဟာဆိုရင် သာသနာ့အ‌မွေအနှစ် တစ်ခုအဖြစ်တည်ဆောက်ထားတဲ့အတွက် မြန်မာလူမျိုးတွေရဲ့ ကြီးကျယ်ခမ်းနားမှုကိုဖော်ပြတဲ့ ပြယုဒ်တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာဆိုရင် ခေတ်မီမြို့ပြကြီး တွေတည်ဆောက်ထားမှ တိုးတက်တာမဟုတ်ပါဘူး။ အခုလိုမျိုး ယဉ်‌ကျေးမှုကို ထိန်းသိမ်းပြန့်ပွားစေတဲ့ သာသနိကအ‌ဆောက်အအုံတွေကို ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်နိုင်ခြင်းဟာလည်း နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြတာဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ယခုလိုမျိုးသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ယဉ်ကျေးမှုနဲ့ သာသနာတော်ကိုဆောင်ရွက်နေတဲ့ မင်းကောင်းမင်းမြတ်ဦးဆောင်တဲ့အချိန်မှာ နိုင်ငံဟာ လည်းသိသိသာသာ ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြီးသာယာဝပြောဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။