(၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄)ဒုတိယနေ့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက် ဆွေးနွေး

 

 (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄)ဒုတိယနေ့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက် ဆွေးနွေး

 

နေပြည်တော်  မတ်  ၂၇

    ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့်   သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် အတူ မတ်လ ၂၆ ရက်က  ဆိုချီမြို့၌ ကျင်းပသည့်  (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့်   ဆန်းသစ် တီထွင်မှုဖိုရမ်(၂၀၂၄)  (XIII International  Forum  ATOMEXPO 2024 )ဒုတိယနေ့သို့  တက်ရောက် ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မတ်လ ၂၆ ရက် နံနက်ပိုင်းတွင် Advanced Training for Generation IV NPP Personnel: Driver for sustainable development    စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Proryv's Sirius Robotics Training and  Experimental  Center သို့ သွားရောက်၍    ဆန်းသစ်တီထွင် ထုတ်လုပ်ထားသည့်  နည်းပညာမြင့် စက်ရုပ်များ၊ ဘက်စုံသုံးနှင့် သယ်ယူပို့ဆောင်ရေး စက်ရုပ်များ၊ စက်ပစ္စည်းများ အားလုံးကို စက်များဖြင့် ဝန်ဆောင်မှုပေးနိုင်သော အပြန်အလှန် လဲလှယ်နိုင်သော  module  များဖြင့် မောင်းသူမဲ့ ထုတ်လုပ်မှုအတွက် ဒီဇိုင်းထုတ်ထားမှုများကို   ကြည့်ရှုလေ့လာသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် nuclear infrastructure: Drivers of  Nuclear  Projects   ခေါင်းစဉ်ဖြင့် Sirius Park of Science and  Art ၌ ကျင်းပသည့် ဆွေးနွေးပွဲသို့ အထူးဖိတ်ကြားထားသော   ဧည့်သည်တော်အနေဖြင့် တက်ရောက်ဆွေးနွေးသည်။ 

ပြည်ထောင်စုဝန်ကြီးက  ဆွေးနွေးပြောကြားရာတွင် နျူကလီးယား စွမ်းအင်သည် အနာဂတ်ကို   ပုံဖော်ရန်အတွက် အလားအလာရှိသည့် သန့်ရှင်းပြီး ရေရှည်တည်တံ့သော စွမ်းအင်၏ မရှိမဖြစ် လိုအပ်သည့်  အရင်းအမြစ်ဖြစ်သည်ဟု ရှုမြင်ကြောင်း၊ ငြိမ်းချမ်းသော  ရည်ရွယ်ချက်အတွက်   နျူကလီးယား စွမ်းအင်ကို အသုံးချခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝ သာယာဝပြောရေးကို   မြှင့်တင်ရာတွင် များစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ဘေးကင်းလုံခြုံပြီး  ရေရှည်တည်တံ့ ခိုင်မြဲသော  နျူကလီးယား စွမ်းအင်အစီအစဉ်အတွက် လိုအပ်သည့် အခြေခံအဆောက်အဦများကို ဂရုတစိုက်စီစဉ်၍ ပြင်ဆင်ထားရမည်ဖြစ်ပြီး  ရေရှည်ကတိကဝတ်များ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင်   နျူကလီးယား  အခြေခံ အဆောက်အဦများ တိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အေဂျင်စီ၏ အကူအညီကို ရယူလိုကြောင်း၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနယ်ပယ်တွင် ရုရှားဖက်ဒရယ် ပတ်ဝန်းကျင်၊  စက်မှုနှင့်နျူကလီးယား ကြီးကြပ်ရေး   ဝန်ဆောင်မှု လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်  မြန်မာနိုင်ငံသည် အဏုမြူစွမ်းအင်ဆိုင်ရာ     အာဆီယံကွန်ရက် (ASEANOM)နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း။

နျူကလီးယားအခြေခံ အဆောက်အဦသည် နျူကလီးယားစက်ရုံများ ဘေးကင်း လုံခြုံစွာလည်ပတ်ရန်အတွက် လိုအပ်သော တရားဝင် စည်းမျဉ်းစည်းကမ်း၊ နည်းပညာနှင့်  လူသားအရင်းအမြစ် စွမ်းရည်များကို ပံ့ပိုးပေးသည့်    မည်သည့် နျူကလီးယား စီမံကိန်းအတွက်မဆို  အရေးပါသည့် မောင်းနှင်အားတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင်   ပြည်ထောင်စုဝန်ကြီးသည် TOMEXPO   2024  FORUM  တက်ရောက်စဉ်  မတ်လ ၂၅ ရက်က ရုရှားနိုင်ငံ 24 RUSSIA မီဒီယာကို လက်ခံတွေ့ဆုံပြီး ကမ္ဘာကြီးနှင့် အနာဂတ်မျိုးဆက်များ၏ လုံခြုံသော ဘဝအတွက် ကမ္ဘာလုံးဆိုင်ရာ "net zero emission program'' ကို အောင်မြင်စေရန် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသော နျူကလီးယား နည်းပညာများ အသုံးပြုခြင်း၊    ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက်   နျူကလီးယား စွမ်းအင်ကို အသုံးချခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝသာယာ ဝပြောရေးကို  မြှင့်တင်ရာတွင်  များစွာအထောက်အကူ ဖြစ်စေခြင်း၊ ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော် အစိုးရနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရတို့အကြား   နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များဖြင့် အသုံးပြုနိုင်ရေး အတွက် အပြည်ပြည်ဆိုင်ရာ  အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)က ချမှတ်ထားသော လုပ်ထုံးလုပ်နည်း စည်းမျည်းစည်းကမ်းများနှင့်  အညီဖြစ်စေရေး အလေးပေး ဆောင်ရွက်လျက်ရှိပြီး (Nuclear Infrastructure)  နျူကလီးယား  အခြေခံ အဆောက်အဦ တိုးတက်ရေး ဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ်  ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။