(၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် ဒုတိယနေ့ ဆက်လက် ကျင်းပ

 

(၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် ဒုတိယနေ့ ဆက်လက် ကျင်းပ

 

ဆိုချီ  မတ်   ၂၇

(၁၃)ကြိမ်မြောက်   နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024) ဒုတိယနေ့ကို မတ်လ ၂၆ ရက် နံနက်ပိုင်းတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ     ဆိုချီမြို့၌  ဆက်လက်ကျင်းပသည်။

ဖိုရမ်ဒုတိယနေ့တွင်   စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဒစ်ဂျစ်တယ်ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ၊   ဂေဟဗေဒကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ သိပ္ပံနည်းပညာကဏ္ဍ၊   ပညာရေး ကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှု စကားဝိုင်းဆွေးနွေးပွဲများကိုကျင်းပပြီး   နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက  ဦးဆောင် ဆွေးနွေးကြကာ  တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲများတွင် နိုင်ငံတကာ စွမ်းအင်လိုအပ်ချက် အကျပ် အတည်းကို ဖြေရှင်းနိုင်မှု၊ အလိုအလျောက် ဆောင်ရွက်သည့်စနစ်နှင့် ထိန်းချုပ်ရေးစနစ်များ၊ ဓာတ်ရောင်ခြည် နည်းပညာဆိုင်ရာ တပ်ဆင်မှုများနှင့်    ထုတ်လုပ်မှုများ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းနှင့် စက်မှုလုပ်ငန်း ဖန်တီးခြင်းဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်နှင့်  လူမှုဘဝထိခိုက်မှုမရှိဘဲ  နိုင်ငံစီးပွားရေးတိုးတက်မှုကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့်  အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မှု၊   နျူကလီးယား နည်းပညာကိုအခြေခံသည့် အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေး ဦးတည်ချက်များ၊  ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ပမာဏလျော့ကျ

ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအသစ်များ၊ ဓာတ်ရောင်ခြည်သုံး နည်းပညာများ၊   စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်လုံခြုံရေး၊ သတင်းအချက်အလက်နှင့်  ဆိုက်ဘာလုံခြုံရေး၊  ကျန်းမာရေး စောင့်ရှောက်မှု၊ စီးပွားရေးလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြား   ဟန်ချက်ညီအောင်   ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ နျူကလီးယားအခြေခံ အဆောက်အဦများ တည်ဆောက်မှုအတွက် ပြင်ဆင်ရန်လိုသည်များနှင့်  အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သင့်သည်များ၊   နျူကလီးယား အခြေခံ အဆောက်အဦနှင့် နျူကလီးယား စီမံကိန်းဆိုင်ရာများကို   ဆွေးနွေးခဲ့ကြသည်။

ATOMEXPO FORUM ကို ၂၀၀၉ ခုနှစ်ကစတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး နိုင်ငံတကာ နျူကလီးယား အဖွဲ့အစည်းများဖြစ်သော IAEA နှင့်  ဥရောပ၊ လက်တင်အမေရိက၊ အာရှနှင့်အာဖရိကနိုင်ငံ အသီးသီးမှ   အလေးထား တက်ရောက်သော Forum တစ်ခုဖြစ်သည်။ Nuclear Power  မှ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေးနှင့် Green Energy သို့ အသွင်ကူးပြောင်းရေး ရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။