အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    လှောင်အိမ်ထဲမှ   လွတ်ထွက်ခဲ့လျက် လေအဟုန်တွင် အတောင်လွှင့်၍ ပျံခါစ အချိန်။

ကိုလတ်နှင့် ကိုအောင်တို့သည်လည်း ဒေဝတို့သမုတ်သလို ရင်ချင်းဆက်အမြွှာ ပမာ  ပူးတွဲဆဲ၊  အောင်နှင့်ချောစုတို့က ဓာတုဘာသာရပ်ချင်းတူ၍ မခွဲဘဲ တတွဲတွဲ။ ဒေဝနှင့် ဗလတို့ကတစ်တွဲ။

တစ်ခါတစ်ရံ   လူသူကင်းဝေးသော လမ်းမအလယ်ကောင်တွင် ဒေဝနှင့်ဗလ သည် ကျောချင်းကပ်ကာ တစ်ယောက် ယောက်က နောက်ပြန်ဆုတ်လမ်းလျှောက်ရင်း...

“ဒီမှာဟေ့၊ ဖင်ချင်းဆက်အမြွှာ”

လမ်းဖြတ်လျှောက်သွားသော ကျောင်းသူတချို့ကိုမမှုနိုင်ဘဲ  မဆင်မခြင် ပြောမိကြ သေးသည်။ ကောင်မလေးတချို့၏ မျက်စောင်းကိုမြင်မှ ကိုယ့်စကားကို ကိုယ်သတိ ရသည်။

“ရှက်လည်း မရှက်ဘူး၊ ကလေးတွေ ကျနေတာပဲ”

အောင်က တသောသောနှင့် ရယ်လို့ မဆုံး။

“ဒီနှစ်ယောက် သိပ်ဆိုးတာ၊ အားရင် ကလေရိုက်နေတာပဲ၊     ကိုလတ်ရော၊ ကိုအောင်ရော၊ မနိုင်တော့ဘူးလား”

ချောစုကမေးတော့ ကိုလတ်က...

“သူတို့အလုပ်လုပ်တာ မမြင်ဘူးလို့ပါ၊ ဒေဝက  ကာတွန်းဆွဲပေးဖော်ရပါတယ်၊ ဗလကတော့ ဟိုပြေး ဒီလွှားပေါ့၊ ကိုယ်တို့၊ ကိုအောင်တို့မသွားနိုင်တဲ့ကိစ္စတွေ သူပဲ၊ စာညွန့်ရေးလည်း ရေးတယ်၊ ရွေးလည်း ရွေးတယ်၊ ဒါရေးဖို့လည်းမလွယ်ဘူး၊ ရွေးဖို့ လည်းမလွယ်ဘူး”

သူ့လူတွေကို    သူနေရာထားလေသည်။ ဗလက ချောစုတို့ဘက် လှည့်ကြည့်ရင်း...

“ဒီမယ်ချောစု၊ ခုလိုအချိန်မှာ တို့ရယ် နိုင်ဖို့ကြိုးစားရမှာပဲ၊   နင်တို့သိထားဖို့က လူတွေဟာ စိတ်ညစ်လာရင် ရယ်စရာပဲ ရှာနေကြတာ၊ ရုပ်ရှင်ရုံတွေမှာ ရယ်စရာ ကားဆိုရင် ကြိတ်ကြိတ်တိုးနေတာ နင်တို့ မတွေ့ဘူးလား”

ဗလက သည်တစ်ခါ လေးနက်သော အမူအရာဖြင့် ငေးသွားသည်။ နောက်လ ဆိုရင်  ဗလက  ကျောင်းကထွက်ရတော့ မည်တဲ့။ သူ့အိမ်စီးပွားရေးအခြေအနေက သူကျောင်းဆက်နေနိုင်သည်အထိ မခိုင် တော့။

စီးပွားရေးတိုင်မှာ ယိုင်နဲ့နေရာမှ ကျိုးလုနေပေပြီ။ အလုပ်လျှောက်တာကြာပါပြီ။ ဗဟိုစာရင်းဌာနမှ နယ်အဝေးသို့ အငယ်တန်းစာရေးဘဝနှင့် လွှင့်တော့မည်ဆိုပဲ။

ဒေဝသည် ဗလ၏ပခုံးကို လှမ်းဖက်ရင်း လမ်းဆက်လျှောက်လာကြသည်။ အတွေး ကိုယ်စီနှင့် ကိုယ်စီနှုတ်ဆိတ်နေရာမှ ဒေ၀ သည် ရုတ်တရက်ဖောက်လာကာ...

“ငါတော့ အရင်းအနှီးနည်းနည်းပဲ စိုက် ရတဲ့ဟာမျိုးပဲရောင်းတော့မယ်”

“ဘာရောင်းမှာလဲ” ချောစုကမေးလိုက်သည်

“လျက်ဆား”

“ဟင်”

“တကယ်ပြောတာ ဈေးတွေထဲမှာ အဲဒါ တွေလိုက်ရောင်းတာ မဆိုးဘူးနော်၊ ပုလင်း ကြီး၊ ပုလင်းသေး၊ တစ်မတ်ဖိုး၊ ငါးမူးဖိုးအစ တစ်မနက်ကို ငွေတစ်ဆယ်လောက်ကိုက် မယ်”

“ရောင်းရဲလို့လား”

“အံမယ်၊   ဘာလို့မရောင်းရဲရမှာလဲ၊ လျက်ဆား...လျက်ဆား၊ အဖိုးနည်းပြီး ပုဆိုးကွဲတာ   တိုင်းရင်းဖြစ်လျက်ဆားပါ ခင်ဗျာ၊ မြန်မာ့လျက်ဆား”

ကိုအောင်၊ အောင်နှင့်ချောစုတို့သည် တသောသောရယ်မောမိကြသည်။ ကိုလတ် သည်ပင် အားပါးတရပြုံးမိလေသည်။

စောစောက  မှုန်ငေးနေသော  ဗလ မျက်နှာသည် ရွှင်လန်းလာကာ စိတ်လက် ပေါ့ပါးစွာ   ရယ်မောနိုင်လာလေသည်။ ထိုသို့...ရယ်ရင်းမောရင်းပင် ဗလသည် အသံမြည်သော ဝါယောလွှတ်လိုက်သဖြင့် အောင်နှင့်ချောစုတို့သည်  တဟားဟား ရယ်မောကာ ဗလအနီးမှ ထွက်ပြေးကြ လေသည်။

ဒေဝသည်  တသောသောရယ်မောပြီး နှာခေါင်းရှေ့ လက်နှင့်ယပ်ကာ...။

“အဖိုးနည်းပြီး ပုဆိုးကွဲတာက မြန်မာ့ လျက်ဆား၊  လျက်ဆားကျတော့  ထိုင်း မကယ်ဘူး၊ ဂျပန်မကယ်ဘူးနော်၊ မြန်မာ့ လျက်ဆား အစစ်ဖက်တာ၊ အဖိုးနည်းပြီး ပုဆိုးကွဲတာက...”

သထုံလမ်းထိပ်မှ  ဖြတ်လျှောက်သွား ကြသော ဆံပင်ဖားလျားချ ခေတ်ပညာတတ်  တက္ကသိုလ်ကျောင်းသူတချို့သည် ရယ်သူကရယ်သွားလျက်  မျက်စောင်းထိုး သူက ထိုးသွားကြလေသည်။

“ငါဘာပြောလို့လဲ၊   ဘာပြောလို့လဲ၊ အဖိုးနည်းတာက ပုဆိုးကွဲတာတဲ့ ကဲဟာ”

သည်တစ်ခါတော့ လက်သည်တရားခံ က ဒေဝ။ ဒေဝအနီးတွင် လျှောက်နေကြ သော ကိုလတ်နှင့် ကိုအောင်တို့သည် ဒေ၀ အနီးမှ ထွက်ပြေးကြပြန်သည်။

“တော်တော်ရှုပ်တဲ့ကောင်ပဲ”

ကိုလတ်က ရယ်ရင်းပြောလိုက်သည်။ ကောင်မလေးတစ်သိုက်သည်   ဒေဝကို ခပ်သုတ်သုတ် ကျော်ဖြတ်သွားကြသည်။

ထို့နောက် လှည့်ကြည့်လှည့်ကြည့်နှင့် တီးတိုးအတင်းပြောသွားကြသည်။

“ဟုတ်သားပဲ ဒေဝကလည်း၊ ဒါကိုယ့် အိမ်မဟုတ်ဘူး၊ ကိုယ့်အိမ်လိုလျှောက်လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ”

ဒေဝကို ချောစုက သတိပေးနေသည်။ ဗလက “အိမ်...အိမ်ဆိုတာ ဘယ်မှာရှိ သလဲ၊ ဒီမှာလည်းမရှိဘူး၊ ဟိုမှာလည်းမရှိ ဘူး၊ အိမ်ဆိုတာ တို့ကိုယ်ထဲမှာ၊ တို့စိတ်ထဲ မှာ၊ ဒါကြောင့် ရောက်တဲ့နေရာ၊ တွေ့တဲ့ နေရာတိုင်းဟာ  တို့အိမ်ပဲ၊ အိမ်ဆိုတာ သပ်သပ်ရပ်ရပ် သီးခြားမရှိဘူး၊     ဒါကို ခင်ဗျားတို့ နားမလည်ရင်အခက်”

ဇာတ်လိုက်မင်းသား  မြတ်လေးနှင့် တူအောင်ပြောလိုက်ရာ   အားလုံးက ရယ်မောမိကြပြန်သည်။

 ဆက်လက်ဖော်ပြပါမည်။