ငြိမ်းချမ်းလှပပါစေ ကျိန်းတောင်ခြေ ရာမောင်မြစ်ကမ်းမှ မင်းပြားမြေ

 

ငြိမ်းချမ်းလှပပါစေ ကျိန်းတောင်ခြေ ရာမောင်မြစ်ကမ်းမှ မင်းပြားမြေ      

   

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရှိမှုမရှိ စေရေး ကူညီဆောင်ရွက်ပေးသွားရန်။

    အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Strom) “မိုခါ” က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၊ ယင်းနှင့် ဆက်စပ်နေသည့် ကပ္ပလီပင်လယ်ပြင်တို့မှနေ၍ မကြုံစဖူး ကြီးမားပြင်းထန်လှသော အင်အားဖြင့် မြန်မာနိုင်ငံကို ခြိမ်းခြောက်နေချိန်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ် အစည်းအဝေးကို နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပခဲ့သည်။ မုန်တိုင်းမကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့်အရေးပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေး အတွက် ကျင်းပပြုလုပ်သည့် အဆိုပါအရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း အမှာအကြား ပြုခဲ့သည့်အပြင် “ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး   မိမိကိုယ်တိုင်မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း”ကိုလည်း ပြောကြားခဲ့သည်။

ရာစုနှစ်များအတွင်း အကြီးမားဆုံး ဖြစ်နိုင်သည့် သဘာဝဘေးအန္တရာယ်ကြီး ကျရောက်လာနိုင်သည့် အခြေအနေတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကလည်း အချိန်နှင့်တစ်ပြေးညီလုပ်ငန်း ပမာဏ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်ရှိခဲ့ရာ ဤမျှဆောင်ရွက်မှုမျိုး ယခင်ကာလ တစ်လျှောက်မရှိဘူးခဲ့။ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်း၊ ပြည်သူလူထုကို ပညာပေးခြင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများမှ ဘေးလွတ်ရာ သို့ပြောင်းရွှေ့ပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်း ကိရိယာများ၊ စားရေရိက္ခာများ အသင့်စုဖွဲ့ထားရှိခြင်း၊  ဇာတ်တိုက်လေ့ကျင့်ခြင်း စသည်တို့ကို  မုန်တိုင်းမဝင်မီရက်သတ္တ တစ်ပတ်ကျော်ကာလကပင် ဒေသအလိုက်၊ ကဏ္ဍအလိုက် ဆောင်ရွက်ခဲ့ကြရာ နိုင်ငံပိုင်မီဒီယာများတွင် အဆိုပါသတင်းများကသာ နေရာများစွာ ယူထားခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန  (Disaster Management Centre -DMC)ကို ၂၀၂၃ ခုနှစ် မေလ ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း၍ မုန်တိုင်း မဝင်မီကာလ ရှေ့ပြေးကူညီ ကယ်ဆယ်ရေး လုပ်ငန်းများအဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တို့တွင် ကယ်ဆယ်ရေး ပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများ၊ ဆေးဝါးနှင့် စားရေရိက္ခာများ ကြိုတင်ပို့ဆောင်ထားနှင့်ခဲ့ပြီးဖြစ်သည်။

ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားရန်

    မိုခါသည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး အဖြစ်နှင့် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်တွင် ရခိုင်ကမ်းရိုးတန်းကို ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေအနီးမှ ဖြတ်ကျော်ဝင်ရောက်ရာတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၅ မိုင်နှုန်းအထိ   အင်အားကြီးမားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် အဓိကအားဖြင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မုန်တိုင်းဝင်ရောက်ပြီး နောက်တစ်နေ့တွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာလိုက်သည်။ မုန်တိုင်းပြီးစ ထိုနေ့တွင်ပင် မုန်တိုင်းဒဏ်ကို အဓိကခံရပြီး ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်သည့် စစ်တွေမြို့သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ ရောက်ရှိပြီး အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားရာတွင် ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မိုခါမုန်တိုင်း၏ ကြီးမားသော အင်အားကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုတို့ လွန်စွာများပြားမည်ဖြစ်ကြောင်း နိုင်ငံတကာက ခန့်မှန်းသုံးသပ်မှုများ ရှိခဲ့ရာ ပြည်တွင်း၌ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်မှုကြောင့် မုန်တိုင်း၏ ပမာဏနှင့် နှိုင်းယှဉ်ပါက ထိခိုက်

ဆုံးရှုံးမှုများစွာ နည်းပါးခဲ့သည်။ မုန်တိုင်းကြောင့် လူဦးရေ ၂ ဒသမ ၉ သန်းခန့် ဘေးသင့်ခဲ့ရာတွင် ၁၅၆ ဦး အသက်ဆုံးရှုံးခဲ့သည့်အနက် ရခိုင်ပြည်နယ်မှ ၁၄၈ ဦးဖြင့် အများဆုံးဖြစ်သည်။    မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွင်လည်း ရခိုင်ပြည်နယ်က ၉၇ ဒသမ ၇၃ ရာခိုင်နှုန်းဖြင့် ပမာဏ အများဆုံးဖြစ်ပြီး    တန်ဖိုးအားဖြင့် ကျပ် ၅၂၂ ဒသမ ၀၀၂ ဘီလီယံ ဖြစ်သည်။

မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ   ဆောင်ရွက်ရန်အတွက် ချင်းပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ   မြို့နယ် ၁၄ မြို့နယ်တို့တွင် တစ်မြို့နယ်လျှင် တပ်မတော်အရာရှိကြီး တစ်ဦးကျစီ တာဝန်ပေးအပ်ခဲ့ပြီး အဆိုပါ အရာရှိကြီးများ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုများကို အနီးကပ်

ကြီးကြပ်ရန်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်    ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့အား တာဝန်ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင်   မုန်တိုင်းဒဏ်သင့် မြို့နယ်များအလိုက် ပျက်စီးဆုံးရှုံးမှု အခြေ အနေများကိုလေ့လာပါက ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ကျောက်တော်တို့မှာ   ပျက်စီးဆုံးရှုံးမှု များပြားကြသည်။ မုန်တိုင်းစတင် ဝင်ရောက်ခဲ့သည့် စစ်တွေမြို့သည်   ပျက်စီးဆုံးရှုံးမှု အများဆုံး၊ တန်ဖိုးအားဖြင့် ငွေကျပ် ၂၂၃ ဘီလီယံခန့် ဆုံးရှုံးခဲ့ရာ ပြည်နယ်တစ်ခုလုံး ပျက်စီးဆုံးရှုံးမှု ပမာဏ၏ ၄၃ ရာခိုင်နှုန်းအထိရှိခဲ့သည်။  ဒုတိယအများဆုံးမှာ ရသေ့တောင်မြို့ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၇၀ ဘီလီယံခန့် ရာခိုင်နှုန်းအားဖြင့် ၃၃ ရာခိုင်နှုန်းခန့်၊    တတိယအများဆုံးမှာ   ပုဏ္ဏားကျွန်းမြို့နယ်ဖြစ်ပြီး တန်ဖိုးအားဖြင့် ၆၁ ဘီလီယံခန့် ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များမှာ ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့ပြီး ဂွ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုး မှာ ငွေကျပ်သန်း ၂၀၀ ကျော်နှင့် အောက်တွင်သာ ရှိခဲ့သည်။ 

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကြီးကြပ် ကူညီဆောင်ရွက်ကြမည့်       

တပ်မတော်အရာရှိကြီး များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်၌  တွေ့ဆုံမှာကြားရာတွင် တပ်မတော်အရာရှိကြီးများ တာဝန်ကျရာ မြို့နယ်များသို့ ရောက်ရှိပါက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများ ဦးစားပေးရှင်းလင်းပြီး လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်မှု ကောင်းမွန်ရေး၊ သောက်ရေသန့်ရရှိရေး၊ အခြေခံပညာ

ကျောင်းများကို ကျောင်းဖွင့်ချိန်အမီ ပြုပြင်ပေးနိုင်ရေး၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများကို ဦးစားပေးပြုပြင်နိုင်ရေး၊ နိုင်ငံတော်မှ ပေးပို့နေသည့် ရိက္ခာ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊  ဆောက်လုပ်ရေး ပစ္စည်းများကို မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများထံသို့ စနစ်တကျနှင့် မြန်မြန်ဆန်ဆန် ဖြန့်ဝေထောက်ပံ့ရေး၊ စာရင်းဇယားများ မှန်ကန်မှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးရန်နှင့် အခြားအရေးတကြီး ဆောင်ရွက်ပေးရန်များ ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် မှာကြားခဲ့သည်။ အဆိုပါ တပ်မတော် အရာရှိကြီးများမှာ သက်ဆိုင်ရာခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြန်လည်ထူထောင်ရေး၊ စားရေရိက္ခာ ထောက်ပံ့ရေးများကို   ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုး အဆင့် (၈) တွင်ရှိသောမြို့

    ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သော မင်းပြားမြို့သည် စစ်တွေမြို့၏ အရှေ့မြောက်ဘက် ၃၈ မိုင်အကွာတွင်တည်ရှိပြီး မြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ ၁၆၂၃ စတုရန်းမိုင် ကျယ်ဝန်း၍ ကျေးရွာပေါင်း ၁၃၆ ရွာပါဝင်သည်။ မြေသြဇာကောင်းမွန် ထက်သန်ခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး ဖြစ်ထွန်းပြီး မွေးမြူရေး လုပ်ငန်းများလည်း လုပ်ကိုင်ကြရာ လယ်ယာသားငါးသည် ဒေသ၏အဓိက စီးပွားရေးဖြစ်သည်။ ချင်းပြည်နယ် မတူပီမြို့နယ်ရှိ နာမည်ကျော် ဘုံတလာရေတံခွန်မှ စတင်မြစ်ဖျားခံသည့် လေးမြို့မြစ်ခေါ် ရာမောင်မြစ်သည် မင်းပြားမြို့ အရှေ့ဘက်မှဖြတ်သန်းကာ ကုလားတန်မြစ်အတွင်းသို့ စီးဝင်သွားသည်။ မြို့၏ အနောက်ဘက်တွင်   ရိုးမတောင်စွယ်ဖြစ်သည့် ကျိန်းတောင်တည်ရှိနေရာ တည်နေရာအနေအထားအရ  လေကွယ်ရာတွင် ကျရောက်နေသဖြင့်   မုန်တိုင်းဒဏ်မှ အတန်ငယ် သက်သာရာ ရခဲ့သည်ဟုဆိုနိုင်သည်။

ရခိုင်ပြည်နယ်၏  မြို့နယ်များအလိုက်  ပျက်စီးဆုံးရှုံးမှုအခြေအနေပြ ဇယားတွင် မင်းပြားသည်   ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၃၉၆၈ ဒသမ ၂၁၀ ဖြင့် အဆင့် (၈) တွင်ရှိနေခဲ့သည်ကို တွေ့ရသည်။

စာရင်းဇယားများအရ မင်းပြားမြို့နယ်တွင် မုန်တိုင်းဘေးသင့် အိမ်ထောင်စုပေါင်း ၄၇၅၃၁ မှ လူဦးရေ ၂၃၉၅၂၇ ဦးရှိရာ ဘေးလွတ်ရာသို့ ၁၄၅၄၄ ဦးကို ပြောင်းရွှေ့ ပေးခဲ့ရသည်။ စာသင်ကျောင်း ၁၄၇ ကျောင်း ပျက်စီးခဲ့ပြီး ကျေးလက် ကျန်းမာရေးနှင့် ဆေးရုံဆေးခန်း စုစုပေါင်း ၁၆ ခု ပျက်စီး ဆုံးရှုံးခဲ့သည်။ လူသေဆုံးမှု မရှိခဲ့ဘဲ မွေးမြူရေးတိရစ္ဆာန်များ ဖြစ်သည့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲ သေဆုံးမှု စုစုပေါင်း ၃၇၃၅ ကောင်ရှိခဲ့ရာ ၃၀၀၀ ကျော်မှာ ကြက်များဖြစ်သည်။ လူနေအဆောက်အအုံ ၁၀၁၃၈ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး ၂၅၇၃ မှာ လုံးဝပျက်စီးခဲ့သည်။ တဲအိမ်ပေါင်း ၅၉၉၈ ၊ ဌာနဆိုင်ရာရုံး ၁၆ ရုံးတို့လည်း ပျက်စီးခဲ့သည်။   ဘုန်းတော်ကြီးကျောင်း   ၁၅၈ ကျောင်း၊ သာသနိက အဆောက်အအုံ လေးခု၊ ရေအရင်းအမြစ် အခြေခံအဆောက်အဦဖြစ်သည့် တာတမံ ၂၀၅၂၅ ပေနှင့် ရေကန် ၃၃ ကန်၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်တိုင် ၉၂ တိုင်၊ စက်လှေတစ်စင်း၊ ပုစွန်ကန်ဧက ၄၆၃၇ ဒသမ ၈၉ ဧကတို့ အပါအဝင် စုစုပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သန်းပေါင်း ၃၉၆၈ဒသမ ၂၁ ရှိခဲ့သည်။

မင်းပြားတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲ ကူညီဆောင်ရွက်ပေးရန်   တာဝန်ပေးအပ်ခံရသူမှာ ဗိုလ်မှူးချုပ်ခင်ဇော်ဖြစ်သည်။ မာန်အောင်ကျွန်းဇာတိ ရခိုင်လူမျိုးဖြစ်ပြီး မင်းပြားအနီး နယ်မြေခံတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ရာ ဒေသခံများနှင့် မစိမ်းသူလည်းဖြစ်သည်။ မုန်တိုင်းဒဏ်ခံရသည့် မင်းပြားမြို့ သန့်ရှင်းသာယာ လှပရေးအတွက် အလဲလဲအပြိုပြို ဖြစ်နေသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အပျက်အစီးများ၊ အမှိုက်များ၊  လမ်းများ၊ ခြံစည်းရိုးများ၊ ရေမြောင်းများ ရှင်းလင်းခြင်းတို့ကို နယ်မြေခံ တပ်မတော်သားများ၊   ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ကြရာသို့ သွားရောက်ကြည့်ရှုအားပေး စကားပြောကြားခြင်း၊ အထက (၂)ကျောင်းခေါင်မိုးပျက်စီးမှု   ကြည့်ရှုစစ်ဆေးခြင်းတို့ကို  မေလ ၂၀ ရက်တွင်  ဆောင်ရွက်ခဲ့သည်။

”မုန်တိုင်းတိုက်ပြီး   နှစ်ရက်သုံးရက်လောက်ကြာတော့ မင်းပြားကိုရောက်တယ်။ မင်းပြားက စစ်တွေ၊ ရသေ့တောင်လောက်တော့ မပျက်စီးဘူး။ မြို့ထဲက ရာမောင်ခန်းမတို့၊ အထက (၁)၊ (၂)၊ (၃) တို့ ပျက်တယ်။ ဘုန်းကြီးကျောင်းတွေ ပျက်တယ်။ မြို့ပေါ်ကအိမ်ခြေတအားကြီး ပျက်စီးတာတော့မရှိဘူး။ ဒါက ကျွန်တော်တို့ရောက်စ မြင်ရတဲ့ အနေအထားပေါ့”ဟု ဗိုလ်မှူးချုပ်ခင်ဇော် (ငြိမ်း)က ပြန်လည်ပြောပြသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ရာ ဒေသများအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် လုပ်စရာ ကိုင်စရာများ ကဏ္ဍအလိုက် ကြီးမားကျယ်ပြန့်စွာ ဆောင်ရွက်နေကြရခြင်းဖြစ်သည်။ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေ

သည့် ပြည်သူများအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးရသလို အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များကလည်း ရေကန်များတွင် ရေသန့်ဆေးခတ်၊ ကလိုရင်းခတ်ကြရသည်။   သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် ဥက္ကာပျံရပ်ကွက်အတွင်း ရောဂါကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကိုလည်း လုပ်ကြရသည်။

၂၀၂၃ ခုနှစ် မေလ ၂၃ ရက်တွင် ရန်ကုန်ဆေးတက္ကသိုလ်(၂) မှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော   နယ်လှည့်အထူးကုဆေးအဖွဲ့က   မင်းပြားမြို့တွင် အခြေပြုကာ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ ခွဲစိတ်လူနာ ၁၈ ဦး၊ အထွေထွေရောဂါ လူနာ၂၇ ဦး၊ အရိုးရောဂါလူနာ ၂၂ ဦး၊ ကလေးလူနာ ငါးဦး စုစုပေါင်း ၇၂ ဦးတို့ကို လိုအပ်သော ဆေးဝါးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ မေလ ၂၄ ရက်တွင် ဦးဥတ္တမပန်းခြံနှင့် အထက(၂) တို့ကို မြို့နယ်ရှိ ကူညီကယ်ဆယ်ရေး အဖွဲ့များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြပြီး ဇေယျသုခပရိယတ္တိ စာသင်တိုက်အတွင်း နယ်လှည့်ဆေးကုသရေး အဖွဲ့က ဆေးကုသမှုများ ပြုလုပ်ပေးကြသည်။ ကျေးရွာအချို့တွင် မြေသားရေစုကန်များမှ ကန်ရေကို သုံးစွဲနေကြရခြင်းကြောင့် သန့်ရှင်းသော သောက်သုံးရေရရှိရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဆိုလာစနစ်သုံး ရွေ့လျားရေသန့်စက်များဖြင့် သန့်စင်ဖြန့်ဝေပေးခဲ့ရပြီး  Life Straw ခေါ် ရေနောက်မှရေကြည်ရအောင် သန့်စင်ပေးသော စက်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။

မင်းပြားမြို့ပေါ်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမှတ် (၂ )အခြေခံ ပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်ရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များက စုပေါင်း သန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ခြင်း၊ ပြည်နယ်အစိုးရအဖွဲ့က ပေးပို့သော ဆန်နှင့် စားသောက်ဖွယ်ရာများ သယ်ဆောင်လာသည့်   ကုလားတန် ၆ ရေယာဉ်မှ ပစ္စည်းများကို နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာဝန်ထမ်းများက သယ်ယူခြင်းတို့ကို မေလ ၂၅ ရက်တွင် ဆောင်ရွက်ကြသည်။ ]]တပ်၊ ရဲ ရှိတဲ့ အင်အားနဲ့ပဲ ကယ်ဆယ်ရေး ပစ္စည်းတွေကို သယ်ယူကြတယ်။ တစ်ခါတစ်ခါသယ်ရင် ဆန်အိတ်က ထောင်ချီပြီး နေ့တိုင်းဆိုတော့ မနိုင်တော့ဘူး။ လူငှားလုပ်ရတယ်။ မင်းပြားမှာ ထူးခြားတာက ရေမြောင်းတွေပိတ်ပြီး ရေလျှံတာ။ အထက်တန်းကျောင်းတွေမှာ မိုးရွာရင် ခြေသလုံးလောက်အထိ ကျောင်းဝင်းထဲရေဝင်တယ်။ စည်ပင်ရေမြောင်းတွေမှာ အမှိုက်တွေပိတ်ဆို့တာ၊ ဆိုင်တွေ အဆောက်အအုံတွေကို မြောင်းပေါ်မှာ တင်ဆောက်လို့ ရေစီးရေလာ ပိတ်ဆို့တာတွေဖြစ်တယ်။ ချောင်ကြိုချောင်ကြားထဲ အထိ  ကျွန်တော်ကိုယ်တိုင် လိုက်ကြည့်စစ်ဆေးပြီး မြို့ရေစီးရေလာကောင်းအောင် မြို့မိမြို့ဖတွေနဲ့ ပေါင်းပြီးလုပ်ခဲ့ရတယ်။ တပ်က ဘက်ဟိုး အသေးလေးတစ်စီးနဲ့ တစ်လလောက်ကြာအောင် ရှင်းလိုက်တာ တော်တော်လေး အဆင်ပြေသွားတယ်”ဟု ဗိုလ်မှူးချုပ် ခင်ဇော်( ငြိမ်း) က ပြန်လည်ပြောပြသည်။

မင်းပြားမြို့ ပြန်လည်ထူထောင်ရေးတွင် ကျောင်းဖွင့်ချိန်အမီ  ကျောင်းများဖွင့်လှစ် နိုင်ရေးကလည်း အရေးကြီးသည်။ သင်ကြားရန် အခက်အခဲရှိနေသည့် အမက ကျောင်း ငါးကျောင်း၊  အမက(ခွဲ) တစ်ကျောင်း၊ မူလတန်း(လွန်) ကျောင်းတစ်ကျောင်း စုစုပေါင်း ခုနစ်ကျောင်းတို့အတွက် လိုအပ်သည့် ယာယီစာသင်ဆောင်များ ဆောက်လုပ်သင်ကြားနိုင်ရေး၊ ဆောက်လုပ်ရေး အဖွဲ့များအား မူလစာသင်ကျောင်း နေရာတွင် အခက်အခဲဖြစ်နေသည့် စာသင်ကျောင်းများကို ဦးစားပေးပြုပြင် ဆောက်လုပ်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ဒေသခံပြည်သူများထံ နိုင်ငံတော်က ထောက်ပံ့သည့် ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ၊   သောက်ရေသန့်စက်များ၊ သောက်ရေသန့်များ၊ တာပေါ်လင်၊ သွပ်နှင့် ဆေးစိမ်ခြင်ထောင်များ ကွင်းဆင်း ထောက်ပံ့ခြင်းတို့ကို တစ်ရက်ပြီးတစ်ရက် ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမြို့များ ဓာတ်အားအမြန်ဆုံး ရရှိရေး   ဆောင်ရွက်ရာတွင် မင်းပြားမြို့နယ်အတွင်း ရပ်ကွက် ကိုးခုနှင့် ကျေးရွာ ၃၉ ရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄၇ ဒသမ ၉၅ မိုင်ရှိသည့် အနက် ၃၀ ရာခိုင်နှုန်းခန့်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၅၉ ဒသမ ၇၅ မိုင်ရှိသည့်အနက် ၃၅ ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပြီး ဓာတ်အားခွဲရုံ အဆောက်အအုံ၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ၅၂ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရာ ထိုနှစ် ဇွန်လ ပထမပတ် အတွင်း ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများနှင့် ပစ္စည်းအစားထိုး တည်ဆောက်ခြင်းလုပ်ငန်းများ ၇၁ ရာခိုင်နှုန်းခန့်၊ မြို့ပေါ်ဖြန့်ဖြူးရေး လိုင်းများ   ပြင်ဆင်ခြင်း ရာခိုင်နှုန်းပြည့် ပြီးစီးခဲ့ပြီး ဇွန်လ ၃၀ ရက်တွင် မင်းပြားမြို့ပေါ်၌ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

မိုခါသည် အလွန့်အလွန် အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်သော်လည်း နိုင်ငံတော်၏ ကောင်းမွန်သော   ကြိုတင်ပြင်ဆင်မှုနှင့် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကောင်းမွန်စွာ ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့သည်။ နိုင်ငံတော်၏ ဘတ်ဂျက်၊ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များ၏ အလှူငွေများဖြင့် ပထမဦးစားပေး အနေဖြင့် ပြည်သူ အားလုံး  အမိုးအကာအောက် လုံခြုံစွာ ရောက်ရှိနေထိုင်နိုင်စေရန် စီမံခဲ့ပြီး ဒုတိယဦးစားပေး အနေဖြင့် မုန်တိုင်းမတိုင်မီ ကြိုတင် ကြေညာထားသည့် ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်နိုင်ရေး အတွက် အထက်တန်းကျောင်းများကို ဦးစားပေးပြင်ဆင်ခဲ့ကာ သတ်မှတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများကို အမိုးအကာအောက် လုံခြုံစွာဖြင့် ကျောင်းဖွင့်လှစ်နိုင်ခဲ့ သည်။ ပြင်ဆင်ဆဲကျောင်းများ အတွက်လည်း ယာယီအဆောက်အအုံများဖြင့် အမိုးအကာ အောက်တွင်သင်ကြားနိုင်ရေး ပြုလုပ်ပေးနိုင်ခဲ့သည်။ တတိယဦးစားပေး အနေဖြင့် ကျန်းမာရေးကဏ္ဍတွင် ဆေးရုံဆေးခန်းများ ပြင်ဆင်ပေးခဲ့ပြီး မုန်တိုင်းအပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင်   ကျန်းမာရေး စောင့်ရှောက်မှုများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။

မိုခါမုန်တိုင်းအလွန်ကာလ ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်အထိ ရခိုင်ပြည်နယ် ၁၇ မြို့နယ်၌ ကျောင်းအပ်နှံပြီးစီးမှု အခြေအနေမှာ အထက်တန်း ၄၇၇၈၃ ဦး၊ အလယ်တန်း ၉၄၉၇၄ ဦး၊ မူလတန်း ၂၉၄၄၉၆ ဦး၊ စုစုပေါင်း ၄၃၇၂၅၃ ဦး ရှိခဲ့သည်။ ၁-၉-၂၀၂၃ ရက်တွင် ထုတ်ပြန်သော စာရင်းအရ ရခိုင်ပြည်နယ်အတွင်း အစိုးရကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင်   ကျောင်းအပ်နှံမှု စုစုပေါင်း ၅၇၃၄၅၂ ဦးရှိခဲ့ပြီး   တက်ရောက်သူ ၅၆၉၇၀၂ ဦးရှိခဲ့ရာ တက်ရောက် ရာခိုင်နှုန်း ၉၉ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။ ပြန်လည်ထူထောင်မှု လုပ်ငန်းများတွင် ကြီးကြပ်ကွပ်ကဲပါဝင်ရန် ဗိုလ်မှူးချုပ်ခင်ဇော် တာဝန်ကျခဲ့သည့် မင်းပြားမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စုစုပေါင်း ကျောင်းအပ်နှံမှု ၄၄၃၁၂ ဦးရှိခဲ့ပြီး ပျက်ကွက်သူမရှိ ရာခိုင်နှုန်းပြည့် ကျောင်းတက်ရောက်ခဲ့ကြကြောင်း တွေ့ရသည်။

ကြီးမားလှသည့် သဘာဝဘေး အန္တရာယ်ကြီးကို ကြိုတင်ပြင်ဆင်၍ ရင်ဆိုင်ကျော်လွှားခဲ့ကြခြင်း၊ ဘေးဒဏ်သင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသမျှ အရာအားလုံးကို ပြန်လည်ရှင်းလင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်း၊ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း လုပ်ငန်းများမှာ ကဏ္ဍများစွာတွင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများစွာတို့က တာဝန်ကိုယ်စီ၊ အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်နေကြခြင်းဖြစ်ရာ ဆောင်းပါးတစ်ပုဒ်မျှဖြင့် ဖော်ပြရန်မလွယ်။   မုန်တိုင်းဒဏ်သင့် မင်းပြားကို ပြန်လည် တည်ဆောက်ရာတွင် တာဝန်ခံတပ်မတော် အရာရှိကြီးအနေဖြင့် မြို့မိမြို့ဖများနှင့် တိုင်ပင်ကာ   အမြင်မတင့်တယ်သည်များကိုလည်း ပြန်လည်ပြင်ဆင်ပေးခဲ့ကြောင်း    မူကြို၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဆောက်အအုံ၊ သီလရှင်ကျောင်း  စသည်တို့ကိုလည်း ငွေကြေး၊  ပစ္စည်းများ သုံးစွဲ၍ ပြန်လည်ပြုပြင်ပေးခဲ့သည်ဟု သိရှိရသည်။

]]မင်းပြားမြို့ရဲ့ ဆိပ်ခံတံတားက ကမ်းကို ရေတိုက်စားတော့ ပျက်စီးနေတယ်။ ဒုတိယဝန်ကြီးချုပ် လာတုန်းက မြို့ရဲ့လိုအပ်ချက်ကို တင်ပြတော့သွားကြည့်ပြီး ပြင်ပေးဖို့ အစီအစဉ်ရှိခဲ့တယ်။ ကျွန်တော်က မင်းပြားနားက တပ်မှာ တာဝန်ကျခဲ့ဖူးတော့ ဒီမြို့မှာတော်တော်များများက သိကြတယ်။ အခုလို ကိုယ့်ကို တာဝန်ပေးလို့ လုပ်လာရတဲ့အခါ ဒေသပိုကောင်းလာအောင် စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ တကယ်ဒုက္ခရောက်နေသူတွေဆီ လိုအပ်တာတွေ မှန်မှန်ကန်ကန် ရောက်အောင်လည်း လုပ်ပေးခဲ့တယ်။ ကျွန်တော်တာဝန် ထမ်းဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး ခြုံငုံပြောရရင် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးအားလုံး ချောချောမောမော အေးအေးချမ်းချမ်း စိတ်ချမ်းချမ်းသာသာ အထစ်အငေါ့မရှိ  ပြီးမြောက်ခဲ့ပါတယ်”ဟု  ဗိုလ်မှူးချုပ်ခင်ဇော်(ငြိမ်း)က ပြောကြားခဲ့သည်။

မိုခါအလွန်တွင် အားအင်အသစ်ဖြင့် ပြန်လည်နိုးထလာနိုင်ရန် နိုင်ငံတော်နှင့် ပြည်သူတို့၏ တွဲလက်များဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ကျိန်းတောင်ခြေ ရာမောင်မြစ်ကမ်း မှ မြို့ကလေး၊ ပညာလိုလားသည့် ကလေးငယ်များ ရာနှုန်းပြည့်ပညာ သင်ယူခဲ့ကြရာ ဒေသ၊ မြေဆီသြဇာ ထက်သန်မှုကြောင့် စပါးဆန်ရေကြွယ်ဝသည့် မင်းပြားမြေ အမြန်ဆုံး ငြိမ်းချမ်း လှပပါစေကြောင်း။          ။