တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဌာနတွင်း အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဌာနတွင်း အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော်   မတ် ၂၈

    တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဌာနတွင်း အခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄)  သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်၊   ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊  အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ယူတတ်မြောက်ခဲ့သည့် ကွန်ပျူတာအခြေခံ သဘောတရားများကို အသုံးပြု၍  ရုံးလုပ်ငန်းများကို   ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အဆင့်မြင့် IT  နည်းပညာများဖြစ်သည့် Artificial Intelligence (AI)ç Blockchainç Cloud Computingç Big Data စသည်ဖြင့်   ဆန်းသစ်နေသော ပညာရပ်များကိုလည်း  စဉ်ဆက်မပြတ်လေ့လာကြရန်  လိုအပ်ပါကြောင်း၊ “တတ်ပြီးပညာ မလေ့လာက မကြာမရှည် ပျောက်တတ်သည်” ဟူသော  ဆိုရိုးစကားနှင့်အညီ   သင်တန်းမှပို့ချခဲ့သည့် သင်ခန်းစာများကို အခြေခံ၍ လေ့လာသင်ယူမှုများ၊ လေ့ကျင့်မှုများ စဉ်ဆက်မပြတ် ဆက်လက်ပြုလုပ်သွားပြီး   လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချမည်ဆိုပါက   ပိုမိုစွမ်းဆောင်ရည် ပြည့်ဝသည့်ဝန်ထမ်းများ ဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် မိမိဘဝတိုးတက်ရေးမှသည်   မိမိဌာနတိုးတက်ပြီး  အကျိုးစီးပွားရလဒ်ကောင်းများ ရရှိစေရန်   ကျရာကဏ္ဍမှ  ကြိုးပမ်းဆောင်ရွက်ရာတွင်  အောင်မြင်ကြပါစေကြောင်း တိုက်တွန်း ပြောကြားသည်။

 ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် အဆင့်မြင့် ICT နည်းပညာများကို ဆက်လက်လေ့လာ၍ မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားစေခြင်းဖြင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊  မူဝါဒနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ ဖြစ်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများအား  သင်တန်းနည်းပြများကို လည်းကောင်း၊   သင်တန်းဆင်း လက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးတို့ကို ပေးအပ်သည်။

ထို့နောက် သင်တန်းတွင် ပထမဆုရရှိသည့်  သင်တန်းသားကို  ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသူများကို ဒုတိယဝန်ကြီးက လည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက  ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။