မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များတွင် ရောက်ရှိနေသော ယာယီနေရပ် စွန့်ခွာသူများကို ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

 

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များတွင် ရောက်ရှိနေသော ယာယီနေရပ် စွန့်ခွာသူများကို ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   မတ်  ၂၈

    လတ်တလော အကြမ်းဖက်ဖြစ်စဉ်များကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်း ခရိုင်/မြို့နယ်များသို့ တိမ်းရှောင်ရောက်ရှိနေသော   ယာယီနေရပ် စွန့်ခွာသူများကို ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ဗထူးမိုးလုံလေလုံ အားကစားခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  ယာယီနေရပ်စွန့်ခွာသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး  တိုင်းဒေသကြီးအတွင်း  ရာသီအလိုက် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ယခုအခါ ပူပြင်းသော နွေရာသီကာလသို့   ရောက်ရှိနေပြီဖြစ်၍ မိုးလေဝသနှင့် ဇလဗေဒဖြစ်စဉ်များကြောင့် ကြုံတွေ့ရနိုင်သည့်  လေပြင်းတိုက်ခတ်မှု၊ အပူချိန်လွန်ကဲမှု  စသည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းပြီး  သတိပြု လိုက်နာနေထိုင်ကြရန်တို့ကို  ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့ပေးနေမှုများ၊ စီစဉ်ဆောင်ရွက်ထားရှိပေးမှုများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်   ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက  ထောက်ပံ့သည့်  ဆန်ရိက္ခာဖိုးငွေကျပ် ၅၆၅ ဒသမ ၉၂ သိန်းနှင့် ငွေကျပ် ၁၈၄  သိန်းကျော် တန်ဖိုးရှိ  ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ ယာယီနေရပ်စွန့်ခွာသူများ အနက်မှ ထိခိုက်လွယ်အုပ်စုဝင်များ ဖြစ်ကြသည့် ကိုယ်ဝန်ဆောင်မိခင်နှင့်  အသက်ငါးနှစ်အောက်ကလေးငယ်များ၊ မသန်စွမ်းသူများ၊ အသက် ၇၀ နှင့်အထက် အသက်ကြီးသူများ စုစုပေါင်း ၁၂၄ ဦးအတွက် ငွေကျပ် ၃၇ သိန်းကျော်တို့ကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ ယာယီနေရပ်စွန့်ခွာသူများ စုရပ်သို့ သွားရောက်ကာ  နေရပ်စွန့်ခွာသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏  ယနေ့ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၇၈၆ ဒသမ၉၂ သိန်းကျော်ဖြစ်ပြီး  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း  မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားသည့် မီးဘေး၊ လေဘေး၊ ရေဘေးစသည့်   သဘာဝဘေးအန္တရာယ်များနှင့်  လတ်တလော အကြမ်းဖက်ဖြစ်စဉ်များကြောင့်ယာယီနေရပ်စွန့်ခွာသူများအတွက် ငွေကျပ် ၃၂၈၉ သန်းကျော်တန်ဖိုးရှိ  ရန်ပုံငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား ထောက်ပံ့ခဲ့ပြီးဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မန္တလေးမြို့ နားမကြားသော ကလေးများကျောင်းတွင် ၁၁ လတာ ဖွင့်လှစ်သင်ကြားခဲ့သော မြန်မာ “စံ” လက်သင်္ကေတပြဘာသာစကား ကူညီပံ့ပိုးသူများ  သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။  

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌  လူဦးရေ၏  ၁၂  ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း၊  ယင်းတို့အနက် နားမကြားသော ကလေးများအတွက် လက်သင်္ကေတပြ ဘာသာစကားသည် လူမှုဆက်ဆံရေး၊ ပညာသင်ကြားရေး အပါအဝင် ၎င်းတို့၏   လူနေမှုဘဝတစ်လျှောက်လုံးအတွက်   လွန်စွာအရေးကြီးကြောင်း၊ သင်တန်းတွင် သင်ကြားခဲ့ရသော အတွေ့အကြုံ၊  ကျွမ်းကျင်မှုများကို  အရင်းခံ၍ လက်သင်္ကေတပြ ဘာသာစကားဖြင့် အကြားအာရုံ ချို့တဲ့သူများအတွက် ကြိုးစားဆောင် ရွက်ပေးကြစေလိုကြောင်းနှင့် အခြားသော စိတ်ပါဝင်စားသူများကိုလည်း  ထပ်ဆင့် ဖြန့်ဝေပေးစေလိုကြောင်း   တိုက်တွန်းမှာကြားပြီး သင်တန်းသား တစ်ဦးချင်းစီကို ပြည်ထောင်စုဝန်ကြီးနှင့်   တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

သင်တန်းသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းသားသုံးဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သင်တန်းသား ၂၁ ဦး စုစုပေါင်းသင်တန်းသား ၂၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။