အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

အခန်း(၁၆)

ကိုလတ်နှင့် ဒုတိယအကြိမ် နှစ်ယောက်တည်း လမ်းလျှောက်သောနေ့ဟု အောင်ရဲ့ ဒိုင်ယာရီစာအုပ်တွင်  ရေးနေကျနေ့စဉ်မှတ်တမ်း၌ ရေးမှတ်ထားလေသည်။

ကုက္ကိုပင်တွေကြားထဲမှာ လပြည့်ဝန်းကို ထင်ထင်ရှားရှားမြင်နေရတယ်၊ လ ထွက်တာစောလိုက်တာလို့ ကိုလတ်က မှတ်မှတ်ရရပြောတယ်။ သူလည်း ငါ့လိုပဲ သဘာဝပတ်ဝန်းကျင်ကို သတိထားမိတာ တွေ့ရတော့ စိတ်ထဲမှာ ဝမ်းလည်းသာ တယ်။ အားလည်းအားရမိတယ်။ ခံစားတတ်တဲ့   အသည်းနှလုံးရှိတဲ့လူတွေမှ ဒီလိုသဘာဝအလှကို ချစ်တတ်ကြတာ၊ ဒီလိုချစ်တတ်ရင်     ကြင်နာတတ်တဲ့၊ စာနာတတ်တဲ့ အသည်းရှိမှာ။

ဒါပေမဲ့...

ကိုယ်ရေးကိုယ်တာ ကိစ္စလောက်သာ စိတ်ဝင်စားပြီး ကိုယ်တစ်ယောက်တည်း သာ ခံစားနေရတဲ့ ပုဂ္ဂလိကဒုက္ခတွေကို သေးဖွဲတယ်လို့ထင်လာတယ်၊  ရှက်လည်း  ရှက်မိတယ်။ အဲဒီလို ကိုလတ်ကို ပြောမိသေးတယ်။

ထိုနေ့ညနေဆည်းဆာအလွန်တွင် သူ တို့လျှောက်လာသော ခြေလှမ်းများသည် ပြည်လမ်း ရိုးမရိပ်သာအဆောင်တွေရှိရာ လမ်းကို ကျော်လာခဲ့ကြသည်။

ပန်းနုရောင်   ပွင့်သေးဝတ်မှုန်အစအန လေးတွေသည် မြေပေါ်ကြွေကျလာသည်။

ချက်ကိုစလိုဗက်ကီးယား    သံအမတ်နေအိမ်ညွှန်ပြသော    အနက်ကျား ပေါင်အနက်စာလုံးများနှင့် ဆိုင်းဘုတ်ရှေ့ရောက်တော့ ကိုလတ်က...

“အဆောင်ပြန်ချင်ပြီလား၊ ဆက်လျှောက် ချင်သေးလား”

“ဆက်လျှောက်ချင်တာပေါ့”

တုံးတိတိနှင့်ပဲဖြေလိုက်သည်။

“ကဲ...ဒါဖြင့်လျှောက်”

“ကိုလတ်မှာ ကိစ္စရှိသေးလား”

အလိုက်တသိမေးတော့   ကိုလတ်က အောင့်မျက်နှာကို ငေးကြည့်ပြီး အမေးကို ထုံးစံအတိုင်းမဖြေဘဲ...

“အောင့်မှာ    ပြောစရာစကားရှိသေး တယ်မဟုတ်လား၊   ရှိရင်ပြောလေ၊    စော စောက ကိုယ်တစ်ယောက်တည်းပြောလာ ရတာ”

“ကိုလတ်ပြောတာတွေက အနှစ်သာရ ချည်းပဲ၊ ကျွန်တော် ကိုလတ်ကို စကား ပြောရမှာရှက်တယ်”

“ဘာဖြစ်လဲအောင်ရဲ့၊ အောင်ပြောချင် တဲ့စကားကိုပြောပေါ့၊     အောင်ပြောတာ တွေလည်း နားထောင်ကောင်းသားနဲ့”

“အသေးအဖွဲပါ”

“ဘယ်ဟုတ်မလဲအောင်ရဲ့၊  လူဆိုတာ လူရဲ့အကြောင်းကို စိတ်ဝင်စားကြတာပဲ၊ လူ့လောကကြီးမှာ ဇာတ်ကောင်တွေအမျိုး မျိုးရှိကြတာပဲ၊ တစ်ဖက်ကလည်း ဆင်းရဲ ဒဏ်၊    ဂုဏ်တို့၊    ပညာတို့မရှိတဲ့ဒဏ်နဲ့ အနှိပ်စက်ခံနေရတယ်။  ဥပမာ - အောင် ပြောဖူးတဲ့ ထွေးခင်အကြောင်းမျိုး၊ တစ်ဖက်ကလည်း   လူလူချင်းဖိနှိပ်တယ်၊ မတရား အနိုင်ယူတယ်။ အဲဒါမျိုးတွေပေါ့၊ လူမှာ လူကောင်း၊   လူဆိုး၊  မဖောက်ပြန်တဲ့လူ၊ ဖောက်ပြန်တဲ့ လူရှိကြတာပဲ၊  အောင်ပြော တာတွေက  အောင့်ပတ်ဝန်းကျင်က လူ တွေအကြောင်းပဲ၊ ဒီအကြောင်းတွေပြောလို့ သေးဖွဲတယ်လို့ ကိုယ်မယူဆပါဘူး”

“ဒါတော့    ဟုတ်ပါတယ်၊   ကျွန်တော် ခုပြောမှာက ကျွန်တော်နဲ့အထွန်းနဲ့လည်း ပတ်သက်တယ်၊ ပြီးတော့ မမကြူအကြောင်း လည်း ပြန်ပါလာဦးမယ်”

“ပြောပါဦး”

“ထူးဆန်းတာတစ်ခု     ပြောရဦးမယ် ကိုလတ်ကို၊  ထွေးခင်နဲ့အထွန်းက ရုပ်ချင်း သိပ်တူတာပဲ၊   ညီအစ်မဆိုယုံတယ်၊    ဒါကြောင့်     အထွန်းကျောင်းသူသစ်အဖြစ် ကျွန်တော်တို့    အခန်းထဲရောက်လာတော့ အထွန်းကိုစိတ်ဝင်စားလာတယ်၊ မြင်မြင်ချင်းသိပ်ချစ်တာပဲ၊ သူက အညာသူလေးဆိုတော့   ထွေးခင်ထက်  အသားညိုတာ

တစ်ခုပဲ ကွဲသွားတာ”

“အရပ်အမောင်းရော၊ ရုပ်ရော အတော် တူတယ်၊   အထွန်းက    နေ့ကျောင်းသူပါ၊ သူ့အဖေက ကျောင်းဆရာပါ၊ မောင်နှမ ခုနစ်ယောက်ထဲမှာ သူကအကြီးဆုံး၊ သိပ် ဆင်းရဲပါတယ်၊ ဆင်းရဲတာလည်း ထွေးခင် နဲ့တူပြန်ရော၊    မတူတာတစ်ခုကတော့ ထွေးခင်က    စိတ်သဘောထားနူးညံ့ပြီး အေးတယ်၊   အထွန်းက   ကျွန်တော့်လိုပဲစွာတယ်”

“အောင်က စွာလို့လား”

“ကိုလတ်ကလည်း စကားကောင်း ပြော နေတာကို နောက်ပြန်ပြီ၊    ကျွန်တော်စွာတာ မသိတာကျနေတာပဲ၊  ရင်ရင်ထိုက် တို့အုပ်စုနဲ့ဆို    ပွဲကြီးပွဲကောင်းပေါ့၊ နှစ်ယောက်သား ရန်ဖြစ်ကြတာ”

“ဟုတ်လား”

“သွား...ကိုလတ်ကလည်း”

“အကောင်းမေးတာပါ”

“ဒီလိုကိုလတ်ရဲ့    သူတို့အုပ်စုက သုံး ယောက်ရှိတယ်။ ဂုဏ်ရှိသားသမီးတွေဆို တော့   ကျူရှင်လည်းယူကြ၊    အိမ်လည်း စာခေါ်သင်တော့ အတန်းပိုင်ဆရာမရော၊ တခြားဆရာမတွေရော လုံးလုံးမလေးစား ဘူး”

“ဆရာထဲမှာလည်း ဆရာအင်္ဂါမညီညွတ်တာတွေရှိတယ်။ တပည့်ကို    ပြန်ဖားနေရတဲ့  ဆရာတချို့ရှိတယ်၊ ရင်ရင်ထိုက်တို့၊ခင်မျိုးနွယ်ညီမ တင်စိုးနွယ်တို့၊ ပျာကလတ်ခေါ်တဲ့ ဖြူဖြူတို့ဆိုရင် အမှတ်တွေပိုပေး၊      အတန်းထဲဆော့လည်းမဆူဘူး၊ ဒီအရှိန်နဲ့ ကျန်တဲ့ဆရာမတွေကို မထီမဲ့မြင်လုပ်တယ်”

ဆက်လက်ဖော်ပြပါမည်။