မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကျင်းပ

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်  ၂၈

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ကို ဂုဏ်ပြုသော အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီး ဌာနက နေပြည်တော်ရှိ KMA  နေပြည်တော်ဟိုတယ်၌ ယနေ့ ညနေပိုင်းတွင် ကျင်းပသည်၊၊

အဆိုပါအခမ်းအနားသို့  ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးစီမံကိန်းများ အကောင်အထည်ဖော်ခဲ့သည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ   သံအမတ်ကြီးများနှင့် သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်    သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက ဂုဏ်ပြုမိန့်ခွန်းတစ်ရပ် ပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု စတင်ပေါ်ပေါက်လာပုံနှင့် ထိုပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှု ရလဒ်များအတွက် ပါဝင်ပံ့ပိုးပေးခဲ့ကြသော မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီး ဌာနများအား ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး   ဒုတိယဝန်ကြီးချုပ်က မဲခေါင်မြစ်သည် နိုင်ငံဖြတ်ကျော် စီးဆင်းလျက်ရှိသည့် မြစ်ကြီးတစ်စင်းဖြစ်ပြီး၊ မဲခေါင်နိုင်ငံ (၆) နိုင်ငံအားလုံးတို့အား သာတူညီမျှစွာ အကျိုးပြုလျက်ရှိကြောင်း၊ မဲခေါင်မြစ်သည် မဲခေါင်မြစ်တစ်လျှောက်တွင် မှီတင်းနေထိုင်ကြသော ပြည်သူလူထုအတွက် စားနပ်ရိက္ခာနှင့် ဝင်ငွေရရှိစေသည့် အဓိကအရင်းအမြစ် တစ်ခုပင်ဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများ အနေဖြင့် မဲခေါင်မြစ်၏ အကျိုးကျေးဇူးများကို မျှဝေခံစားလျက်ရှိသကဲ့သို့   မဲခေါင်မြစ်ကြီးကို ကာကွယ်ထိန်းသိမ်းရန်   မဲခေါင်နိုင်ငံများအားလုံးတွင် တာဝန်ရှိကြောင်း၊ မဲခေါင်မြစ်နှင့်ဆက်စပ်၍ တည်ထောင်အကောင်အထည် ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများနှင့် အစီအစဉ်များအနက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အအောင်မြင်ဆုံး ပူးပေါင်းဆောင်ရွက်မှု တစ်ခုဟု ဆိုနိုင်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်တွင် စတင်ပေါက်ဖွားလာခဲ့ပြီး  မဲခေါင်မြစ်အား မှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုလျက် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေး ယန္တရားကို စတင်ထူထောင်ရန် ဆုံးဖြတ်ခဲ့သည့်      မဲခေါင်-လန်ချန်း ခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမှုအပေါ် ဂုဏ်ပြုလိုကြောင်း၊ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေသို့ အမေရိကန်ဒေါ်လာသန်း ၃၀၀  မတည်ထူထောင် ထည့်ဝင်ပေးခဲ့သည့် တရုတ်နိုင်ငံကို    ကျေးဇူးအထူးတင်ရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  ပူးတွဲဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဝန်ကြီးအဆင့် အစည်းအဝေး  (၃)ကြိမ်ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့ပြင် စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ခေါင်းဆောင်များ အစည်းအဝေး၌     အရေးပါသည့်   “နေပြည်တော် ကြေညာစာတမ်း”၊  “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ငါးနှစ်တာ လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)” နှင့် “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်”တို့ကို အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ခြင်း၊ တရုတ်နိုင်ငံမှ ထောက်ပံ့လျက်ရှိသော မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ၏ အရေးပါမှုနှင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းတန်ဖိုးရှိ စီမံကိန်းပေါင်း ၁၀၆  ခုကို လက်ခံရရှိကာ နိုင်ငံ၏  လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအပေါ် အကျိုးကျေးဇူးများစွာ   ရရှိခဲ့ခြင်းတို့ကို အကျယ်တဝင့် ထည့်သွင်းပြောကြားခဲ့သည်။

 ထို့ပြင် ဒုတိယဝန်ကြီးချုပ်က အနာဂတ်တွင်လည်း   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  ယန္တရား ပိုမိုခိုင်မာစေရန် အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့်   ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လက်ရှိပူးတွဲဥက္ကဋ္ဌ ထိုင်းနိုင်ငံနှင့်လည်း အပြည့်အဝ ပူးပေါင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ခိုင်မာသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး  နေ့စဉ်ထုတ်မြန်မာ့ သတင်းစာများ၌ မကြာသေးမီက ရေးသားဖော်ပြခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆောင်းပါးအပေါ် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နေပြည်တော်၌ ကျင်းပခဲ့သည့်  အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ ဦးဆုံးအဆိုပြုခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်  မတ်လတွင်  မဲခေါင်-  လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို တရားဝင်စတင်ခဲ့ကြောင်း၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု ရှစ်နှစ်တာ ကာလအတွင်း ဒေသတွင်း၌ မီးရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ သင်္ဘောဆိပ်၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားလိုင်းချိတ်ဆက်မှု စသည့်ကဏ္ဍများတွင် တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း၊ ပို့ဆောင်ချိတ်ဆက်မှု ကဏ္ဍတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့ကို အရှိန်အဟုန်မြှင့်တင်စေနိုင်ခဲ့ကြောင်း၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးစီမံကိန်း စုစုပေါင်း ၇၀၀ ကျော်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ယမန်နှစ်က   တရုတ်နိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှုနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ သုံးပုံတစ်ပုံခန့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုး တိုးတက်လာမှုသည် မြန်မာနိုင်ငံနှင့် အခြားမဲခေါင်နိုင်ငံများအတွက်   အခွင့်အလမ်းသစ်များ ဖော်ဆောင်လာနိုင်သည့် နည်းတူ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း တွန်းအားများ ဖြစ်ပေါ်စေနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက်   ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြုဧည့်ခံပွဲအား ဆက်လက်ကျင်းပရာ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြကာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံသံရုံးများမှ  သံအမတ်ကြီးများနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တို့က အနုပညာရှင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

မဲခေါင်-လန်ချန်းဒေသ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏ လူမှုဘဝသာယာဝ ပြောရေးအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်၍ ပူးပေါင်းဆောင်ရွက်မှု  ရှစ်နှစ်တာ ကာလအတွင်း ထင်သာမြင်သာရှိသော ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်ရကာ မြန်မာနိုင်ငံ အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးရလဒ်များကို ခံစားရလျက် ရှိကြောင်း သိရသည်။