အလုပ်သမားဆေးရုံကြီး(မန္တလေး)၌ ကျောက်ကပ်တု သွေးသန့်စင်စက် လှူဒါန်းပွဲကျင်းပ

 

အလုပ်သမားဆေးရုံကြီး(မန္တလေး)၌ ကျောက်ကပ်တု သွေးသန့်စင်စက် လှူဒါန်းပွဲကျင်းပ 

 

မန္တလေး  မတ်  ၂၈

အလုပ်သမားဝန်ကြီးဌာန  လူမှုဖူလုံရေး အဖွဲ့သည်  မြန်မာနိုင်ငံ အထက်ပိုင်းရှိ အကျုံးဝင်  အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုလွယ်ကူထိရောက်စေရန် ရည်ရွယ်၍  အလုပ်သမား ဆေးရုံကြီး(မန္တလေး)ကို ခုတင်-၁၅၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အကြောအဆစ် ကုသမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာန၊ မျက်စိကုသဆောင်၊ အရိုးကုသဆောင်၊ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊ မေ့ဆေးဌာနနှင့် ခွဲစိတ်ကုသဆောင်ဟူ၍ ဆေးကုသဆောင်များ ထားရှိ ကုသပေးလျက်ရှိသည်။  

ထို့ပြင်  ပြင်ပလူနာများကို ကုသပေးခြင်းနှင့် လိုအပ်ပါက အတွင်းလူနာအဖြစ် ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများကို အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမား လူနာများအတွက် ကျောက်ကပ်တု သွေးသန့်စင်စက်နှစ်လုံးကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ၂၉ ရက်တွင် တပ်ဆင်၍ ကျောက်ကပ်သန့်စင် ဆေးကြောပေးလျက်ရှိရာ လူနာဦးရေရှစ်ဦးကို အကြိမ်ရေ ၆၄ ကြိမ်တိုင် ဆေးကြောပေးခဲ့ပြီးဖြစ်သည်။

ယခုအခါ  ပိုမိုကောင်းမွန်ပြည့်စုံသော ကျောက်ကပ်သန့်စင်ဆေးကြောခြင်း လုပ်ငန်းကို   ဆောင်ရွက်ပေးနိုင်ရန် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းနှင့် (၁၁၄-B) လမ်းထောင့်ရှိ    “နေလဖောင်ဒေးရှင်း” မိသားစုမှ တန်ဖိုးငွေကျပ် သိန်း ၆၃၀ တန်ဖိုးရှိသည့် NIKKISO  DBB-27 made in JAPAN စက်နှစ်လုံးကို “နေလဖောင်ဒေးရှင်း”၏   Founder ဖြစ်သော ဦးလောဝူး ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မတ်လ၂၈ ရက် ယနေ့တွင် ကျန်ရစ်သူ သား/သမီးများက လှူဒါန်းလာသဖြင့် ကျောက်ကပ်တုသွေး သန့်စင်စက် နှစ်လုံးလှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို အလုပ်သမားဆေးရုံကြီး (မန္တလေး)၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်လက်ခံ၍ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။