အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် မတ် ၂၈

    အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့  နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ   ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်  အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ဒီမိုကရေစီအကျိုးပြု  ကရင်တပ်မတော် (DKBA)မှစောကျော်သန်းဌေး၊  KNU/KNLA  ငြိမ်းချမ်းရေးကောင်စီမှ  ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်  စောမောင်မောင်၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှ  ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စဝ်ဆောင်းဟန် တို့ပါဝင်သည့်    ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင်  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် က အဖွင့်အမှာစကား ပြောကြားရာတွင်  (၇၉) နှစ်မြောက်  တပ်မတော်နေ့ အခမ်းအနား၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မိန့်ကြားခဲ့သည့် NCA နှင့် စပ်လျဉ်းသည့် ငြိမ်းချမ်းရေးဆိုင်ရာ  လုပ်ငန်းစဉ်များအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး  လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ရပ်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက နှုတ်ခွန်းဆက် စကားပြောကြားရာတွင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အား ပြင်ဆင်ဖွဲ့စည်းခြင်း ကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားသည်။

ထို့နောက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်INGO တို့အကြား အကောင်အထည်ဖော် ဆောင်ရွက်မည့် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရေး စီမံကိန်း” လျာထားဆောင်ရွက်နိုင်မည့် အခြေအနေများကို လည်းကောင်း   အပြန်အလှန် ဆွေးနွေး ညှိနှိုင်းကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ကနိဂုံးချုပ်အမှာစကား    ပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများ   ပေးအပ်ကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

မွန်းလွဲပိုင်းတွင်   မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအား ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား    စည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ်ဆွေးနွေးခဲ့သည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့်  ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများ၏ သဘောထားများ ဆွေးနွေးရန်ကိစ္စ၊ ညှိနှိုင်းရေး ကော်မတီနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးမည့် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် အလုပ်အဖွဲ့တို့ ဖွဲ့စည်းနိုင်ရေး ကိစ္စများအား  ရှင်းလင်း ပြောကြားသည်။ 

ထို့နောက်   ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည့်  အချက်များနှင့် ပတ်သက်၍လည်းကောင်း၊  ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ညှိနှိုင်းရေး ကော်မတီ၏ Vision  နှင့် Mission  များ၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများနှင့် NCA ၏ မဟာဗျူဟာ ၃ ရပ်နှင့်အညီ ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်  ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ  ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်က  လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသူများက မိမိတို့၏သဘောထား အမြင်များ၊ အကြံပြုချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများ ကိုယ်စား ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ကျေးဇူးတင်စကား ပြောကြားပြီး ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က   နိဂုံးချုပ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။