သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း မြှင့်တင်ရေး စီမံကိန်းအောင်မြင်စွာ ပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း မြှင့်တင်ရေး စီမံကိန်းအောင်မြင်စွာ ပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်  ၂၈

    သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း မြှင့်တင်ရေး စီမံကိန်းအောင်မြင်စွာ ပြီးမြောက်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှကိုယ်စားလှယ်များ၊ စီမံကိန်းဧရိယာမှ  ဒေသခံများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းအား မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် စီမံကိန်းကာလ   နှစ်နှစ်ခြောက်လ သတ်မှတ်၍  နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့်  ပဲခူးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကဲဖြတ်သုံးသပ်ရန်၊  သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာပိုင်းနှင့်    ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ သုံးသပ်ရန် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို  ကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာန အနေဖြင့် သစ်တောသယံဇာတများကို လက်ရှိနှင့် နောင်အနာဂတ် မျိုးဆက်များအတွက် စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးနှင့်  သစ်တောများ  ပြုစုထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင် လာစေရေးအတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသား သစ်တောကဏ္ဍ နှစ်  ၃၀ ပင်မစီမံကိန်းအရ ဧရိယာ ဧက ၂ ဒသမ၂၇ သန်းတည်ထောင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ဧရိယာဧက ၁ ဒသမ ၁၆ သန်းကျော်ကို သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်ဖြင့် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း။

သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်သည် ဒေသခံပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန်သာမက ရာသီဥတုပြောင်းလဲမှုကို  လျော့ကျစေပြီး သစ်တောနှင့်   ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုပါ ရရှိစေသည့်အတွက် အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ထာဝစဉ်တည်တံ့သော  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် ဆင်းရဲမှုပပျောက်ရေး၊    စားရေရိက္ခာဖူလုံရေး၊ ရေအရည်အသွေးကောင်းမွန်ရေး၊     ဇီဝမျိုးစုံမျိုးကွဲ  ထိန်းသိမ်းရေးအတွက်လည်း အထောက်အကူပြုလျက် ရှိကြောင်း၊  ယခု အလုပ်ရုံဆွေးနွေးပွဲတွင်  ဒေသခံပြည်သူ အစုအဖွဲ့ပိုင်  သစ်တောလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်  သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ်ကို  အခြေခံသော လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူး ဖြစ်ထွန်းစေရေးအတွက် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး ပေးကြရန် မှာကြားသည်။

ထို့နောက် စီမံကိန်းအတွင်း  သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းစနစ်အပေါ် အခြေခံသည့် ဆောင်ရွက်ချက်များကို စီမံကိန်း တာဝန်ရှိသူများက လည်းကောင်း၊ စီမံကိန်းဆိုင်ရာ လေ့လာဆန်းစစ်ချက် ရလဒ်များကို  ကျွမ်းကျင်ပညာရှင်များက လည်း ကောင်း၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုများကို ဒေသခံပြည်သူများက လည်းကောင်း တင်ပြဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ ဗဟုသုတ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများအပေါ် မူတည်၍  ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးကြကြောင်း သိရသည်။