အသိပညာဖလှယ် ရုံးချုပ်နှင့် တိုင်း/ ပြည်နယ် ပိုစတာပြပွဲပြိုင်ပွဲ၊ ပြိုင်ပွဲဝင်ပိုစတာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

 

အသိပညာဖလှယ် ရုံးချုပ်နှင့် တိုင်း/ ပြည်နယ် ပိုစတာပြပွဲပြိုင်ပွဲ၊ ပြိုင်ပွဲဝင်ပိုစတာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

 

နေပြည်တော် မတ် ၂၈

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြို “အသိပညာဖလှယ် ရုံးချုပ်နှင့် တိုင်း/ ပြည်နယ် ပိုစတာပြပွဲပြိုင်ပွဲ”  ပြိုင်ပွဲဝင် ပိုစတာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌  Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့အခမ်းအနားကို  မိမိတို့ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှုများကို အချိန်တိုအတွင်း သိရှိစေရန်၊ ပညာရပ်ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊   ပိုစတာပြပွဲပြိုင်ပွဲတွင် ရုံးချုပ်မှ ပိုစတာငါးခု၊ တိုင်းဒေသ ကြီး^ပြည်နယ်မှ ပိုစတာလေးခု၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးမှ ပိုစတာတစ်ခု စုစုပေါင်း ပိုစတာ ၁၀ ခု ပါဝင်ယှဉ်ပြိုင်ပြသသွား မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျင်းပခြင်းဖြင့် ဝန်ထမ်းများ၏ ရှင်းလင်းတင်ပြနိုင်မှုစွမ်းရည်၊ မေးခွန်းမေးမြန်းနိုင်မှု စွမ်းရည်နှင့် ပြန်လည် ဖြေကြားတုံ့ပြန်နိုင်မှု စွမ်းရည်များ မြင့်မားလာစေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပိုစတာပြပွဲပြိုင်ပွဲမှရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးပြု၍ မိမိတို့ဆောင်ရွက်ရသည့် အခန်းကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားပြီး အရည်အသွေးများ တိုးတက်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက်  ကချင်ပြည်နယ်၊   ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းနှင့် မြန်မာနိုင်ငံစာရင်း ကောင်စီရုံးတို့မှ ပြိုင်ပွဲဝင်များက ပါဝင်ယှဉ်ပြိုင်သည့် ပိုစတာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍   ပထမနေ့ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အလားတူ ပိုစတာပြပွဲပြိုင်ပွဲ ရှင်းလင်းတင်ပြမှု ဒုတိယနေ့ကို မတ်လ ၂၉ ရက်(ယနေ့) မွန်းလွဲ ၁ နာရီခွဲတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ရာ ရုံးချုပ်မှ  သက်ဆိုင်ရာဌာနခွဲအလိုက် ပြိုင်ပွဲဝင် ပိုစတာငါးခုကို ရှင်းလင်း တင်ပြသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု နှစ်ဆုကို နှစ်ပတ်လည်နေ့ အခမ်းအနားတွင်   ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း ခန်းမတို့မှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့်  ဝန်ထမ်းများက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။