ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

 

ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

 

နေပြည်တော် မတ် ၂၈

ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊  ဌာနဆိုင်ရာအကြီးအကဲများ၊  ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ၊  မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ခေတ်တွင် ရုပ်ရှင်ကားများကို ရုပ်ရှင်ရုံများအပြင် ဆိုရှယ်မီဒီယာ(အွန်လိုင်း)မှ တစ်ဆင့် အက်ပလီကေးရှင်းများ၊ ဖေ့စ်ဘွတ်၊  youtube? Viber? Telegram   များမှ Account? Page? Group? Website  များတည်ထောင်ပြီး ထုတ်လွှင့်ပြသနေသည်ကို တွေ့ရကြောင်း။

အွန်လိုင်းမှပြသနေသည့် ရုပ်ရှင်ကားများသည်  ရုံတင်ရုပ်ရှင်ကားများကဲ့သို့ ဆင်ဆာအဖွဲ့ကို တင်ပြီး ခွင့်ပြုချက်ရမှ ပြသသည့်ကားများ မဟုတ်သည့်အတွက်  နိုင်ငံတော်၏မူဝါဒများ၊ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိခိုက်စော်ကားမှု၊ ရက်စက်ကြမ်းကြုတ်မှုများသည် မောင်နှင့်နှမ၊ သားနှင့်အမိ ကြည့်ရှုရန် မလျော်ညီသည့် အပြောအပြများ၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊   အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသည့် အပြောအပြများ ပါဝင်နေသည်ကိုတွေ့ရကြောင်း၊ ထိုအရာများကိုဗန်းပြပြီး အွန်လိုင်း လောင်းကစားဒိုင် တည်ထောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသည်ကိုလည်း   တွေ့မြင်ရကြောင်း။

ထိုကဲ့သို့  မလိုလားအပ်သည့်  အဆိပ်အတောက်များ၊ အဖျက်အမှောင့်များသည် လူငယ်လူရွယ်များ၏ တွေးခေါ်မြော်မြင်မှုများ၊ ခံစားနားလည်မှုနှင့် လုပ်ဆောင်မှုများကို လွဲမှားလာစေနိုင်ကြောင်း၊ အလားတူ နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ ထုတ်လွှင့်ပြသနေခြင်းကို စနစ်တကျ ဖြစ်စေရေးနှင့် ကြီးကြပ် တည့်မတ်ပေးနိုင်ရေး  တရားဝင်အသိအမှတ်ပြု လက်မှတ် ထုတ်မပေးနိုင်သည့် အတွက် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း။

ထို့ကြောင့် ခေတ်နှင့်လျော်ညီသည့် မြန်မာ့ရုပ်ရှင် ဥပဒေသစ် ညှိနှိုင်းရေးဆွဲနေဆဲ အချိန်ကာလဖြစ်သည့်အတွက် ဥပဒေသစ်မပေါ်ပေါက်မီစပ်ကြားတွင် တိုးတက်ခေတ်မီသည့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု ရုပ်ရှင်ထုတ်လုပ်ပြသမှု လုပ်ငန်းများနှင့် ပတ်သက်ပြီးအတိုင်းအတာ တစ်ခုအထိ စနစ်တကျ ရှိစေရန်၊ ရသင့်ရထိုက်သည့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများ  ဆုံးရှုံးမှုမရှိစေရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့ထုံးတမ်းကို ပျက်ပြားစေနိုင်သည့်  ရုပ်ရှင်ကား ထုတ်လုပ်ပြသမှုများကို    တားမြစ်ပိတ်ပင်နိုင်စေရန်နှင့် ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကားများသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊   မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေးကို အထောက်အကူဖြစ်စေပြီး မြန်မာ့ရုပ်ရှင် အဆင့်အတန်း တိုးတက်စေရေးကို အထောက်အကူဖြစ်စေရန် အတွက် ဆက်သွယ်ရေးကွန်ရက်ကို   အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံးပြီး မတ်လ ၁၃ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၃၁/၂၀၂၄) ဖြင့်လည်းကောင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို အမိန့်အမှတ် (၃၂/၂၀၂၄)ဖြင့် လည်းကောင်း၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ အခွင့်အာဏာ အပ်နှင်းသည့်အမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၂၄)ဖြင့် လည်းကောင်း ထုတ်ပြန်ခဲ့ကြောင်း၊  အမိန့်အရ အမိန့်ထုတ်ပြန်သည့် မတ်လ ၁၃ ရက်မှစတင်ပြီး တစ်လပြည့်မြောက်သည့်အချိန်တွင် စတင်အာဏာ သက်ဝင်မည်ဖြစ်သကဲ့သို့ အမိန့်ကို လိုက်နာမှုမရှိသည့် လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

အမိန့်အရ လုပ်ငန်းအမျိုးအစား သုံးမျိုးရှိကြောင်း၊ ၎င်းင်းတို့မှာ ဆက်သွယ်ရေး ကွန်ရက် ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊   ရုပ်ရှင်ဆိုင်ရာ  အက်ပလီကေးရှင်း လွှင့်တင်ခြင်းနှင့်  ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းတို့ ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် လိုအပ်သည့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် ထုတ်ပြန်မှုများသည် အားလုံးအတွက် လိုအပ်ချက်များကို ထိန်းသိမ်းရန်ဖြစ်ကြောင်း၊ ချုပ်ကိုင်ရန် မဟုတ်ကြောင်း၊ ထုတ်ပြန်သည့် အချက်များသည် ကိုယ့်လုပ်ဖော်ကိုင်ဖက်များကို   ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ယခုအမိန့်ကို ထုတ်ပြန်ခဲ့သည့်အတွက်  စနစ် တကျလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း ဥပဒေနှင့်အညီ  အကာအကွယ်ပေးနိုင်မည် ဖြစ်ကြောင်း၊    ယနေ့ခေတ်တွင် ရုံတင်ကြည့်ရှုသူများသာ မြင်ရကြားရသည်မဟုတ်ဘဲ   နည်းပညာ တိုးတက်လာမှုအရ ကမ္ဘာတစ်ဝန်းရှိသူ အားလုံး ကြည့်ရှုနိုင်ကြသည့်အတွက် စိစစ်ပြီး ရုပ်ရှင်ကားများကိုသာ ထုတ်လွှင့်ပြသခြင်းဖြင့်   မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ကို ထိခိုက်ခြင်းမရှိစေသော ရုပ်ရှင်ကားများကို ပြသနိုင်မည်ဖြစ်သည့် အတွက် မိမိတို့လူမျိုး၏ တန်ဖိုးကို ကမ္ဘာကသိအောင် ပြသနိုင်မည်ဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က တရားမဝင်လုပ်ငန်းများကို တရားဝင်ဖြစ်စေရန်နှင့် ဖောက်ဖျက်ကျူးလွန်မှု ရှိပါက အရေးယူနိုင်ရေး၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်မည့် ကိစ္စရပ်များအား ကန့်သတ်တားဆီးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   က ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း   လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့် ထုတ်ပြန်ရသည့် နောက်ခံအကြောင်းရင်း၊ ဖြစ်ပေါ်လာသည့် အကျိုးဆက်များ၊ ရည်ရွယ်ချက်၊   ရရှိလာမည့်အကျိုးကျေးဇူး၊ အမိန့်ထုတ်ပြန်ရန် လုပ်ငန်းဆောင်ရွက်ခဲ့မှု အဆင့်ဆင့်၊ အမိန့်ထုတ်ပြန်ခြင်း၊ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်း အဖြစ်သတ်မှတ်သည့်အမိန့်၊ အမိန့်အား လိုက်နာဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေး ဝင်းက ဥပဒေပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်က ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့် ယခုလုပ်ကိုင် ခွင့်အမိန့်တို့ပါ အချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေး တင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊  မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ   ရဲမှူးကြီးညွန့်ဝေ၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးသိန်းထွန်းအောင်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အတွင်းရေးမှူး ဦးဇော်မြင့်ဦးနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့စရိုက်ကို ပျက်ပြားစေနိုင်သော ရုပ်ရှင်ကား ထုတ်လွှင့်ပြသမှုများအား ဥပဒေနှင့်အညီ ထိန်းချုပ်နိုင်ရေး၊ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး၊ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရေးတို့နှင့်   စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။