ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီရွှေ့ပြောင်း နေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှည့်လည်ကြည့်ရှုအားပေး

 

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီရွှေ့ပြောင်း နေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော်  မတ်  ၂၈

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့သို့သွားရောက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပျော်ဘွယ်မြို့နယ် အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများကို သက်ဆိုင်ရာမြို့နယ် ငါးဦး ကော်မတီ အဖွဲ့ဝင်များက လိုအပ်သည့်အချက်အလက်များ     စိစစ်မေးမြန်း အတည်ပြု ဆောင်ရွက်နေမှု၊   ငါးဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံး ဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနေမှုနှင့် ဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးပြီး    ပြည်ထောင်စုဝန်ကြီးက အချက်အလက်များ မှန်ကန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ    ဖြည့်သွင်းဆောင်ရွက်ရေး၊ ၎င်းတို့၏ အချက်အလက်များအား  e-ID Server ရှိ အချက်အလက်များနှင့် စနစ်တကျ တိုက်ဆိုင်စိစစ်ဆောင်ရွက်ရေး မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုင်ငံသားကတ်ပြား ထုတ်ပေးပြီး သူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) တစ်ပါတည်း ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ့ Unique ID နံပါတ်ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများကို လုပ်ငန်းဆောင်ရွက်ပေးမှုအပေါ် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေး၍   ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် ပျော်ဘွယ်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၅  စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၈၇  ကတ် ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြား ရရှိပြီးသူများကို တစ်ပါတည်း တစ်နေရာတည်းတွင် e-ID စနစ်အတွက် Biometric  ကောက်ယူခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမသို့ ရောက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း က ခရိုင်၏ နယ်မြေဒေသ အခြေအနေနှင့် ခရိုင်အတွင်း   မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှု၊ ပန်းခင်းစီမံချက်နှင့် Biometric  ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည့်ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းများ အောင်မြင်ရေး အတွက် ဌာနဆိုင်ရာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင် ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရမည်းသင်းမြို့နယ် ဦးစီးမှူးရုံး၌   နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူ၊   လဲလှယ်လျှောက်ထားသူ ဒေသခံပြည်သူများကို ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/ Biometricကောက်ယူခြင်းလုပ်ငန်းကို  တစ်ပါတည်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ဦးစီးမှူးရုံး မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ   စနစ်တကျ သိမ်းဆည်းထားရှိမှု၊ ရုံးချုပ်ရှိ e-ID Server  မှ အချက်အလက်များနှင့်  တိုက်ဆိုင်စိစစ်ဖြည့်သွင်းနေမှုနှင့်   ရုံးအဆောက်အအုံ အခြေအနေတို့ကို   လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများကို တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏    တင်ပြချက်များကိုညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင် ဧည့်ရိပ်သာ၌ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက်    ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။