ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကျောင်းများနှင့် မြန်မာစာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း လုပ်ငန်းများအား ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် စစ်ဆေး

 

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကျောင်းများနှင့် မြန်မာစာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း လုပ်ငန်းများအား ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် စစ်ဆေး

 

ရန်ကုန်    မတ်    ၂၈

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည်   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် MICT Park  ရှိ  STI Myanmar University သို့ရောက်ရှိကာ စာသင်ခန်းများ၊ Theatre ခန်းမ၊ Geotechnical Lab ခန်း၊ Hydraulic Lab  ခန်းနှင့် စာကြည့်တိုက်ကိုကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ ဖတ်ရှုနားလည်မှု စွမ်းရည်ကို   စမ်းသပ်စစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက  STI Myanmar University မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပုဂ္ဂလိက ကျောင်းမှတ်ပုံတင် လျှောက်လွှာများကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက် နောက်ဆုံးထား တင်သွင်းရန် ပညာရေးဝန်ကြီးဌာန ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့က    ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း၊ သို့ရာတွင် ကျောင်းကြီးအချို့သည်ပင် လျှောက်လွှာတင်သွင်းခြင်း မရှိသေးသည်ကို စိစစ်တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ကျောင်းမှတ်ပုံတင် လျှောက်လွှာကို သတ်မှတ်ရက်အမီ   တင်သွင်းလျှောက်ထားကြရန်နှင့် လျှောက်လွှာမတင်သွင်းသော ကျောင်းများကို ဥပဒေအာဏာ တည်သည့်နေ့မှစ၍ တစ်နှစ်ပြည့်မြောက်သော ၂၀၂၄ ခုနှစ် မေလ  ၁၂ ရက် နောက်ပိုင်းတွင်  ပိတ်သိမ်းမည်ဖြစ်သည်ကို အသိပေး ပြောကြားပေးကြစေလိုကြောင်း၊ အသစ်ဖွင့်လှစ်မည့် ပုဂ္ဂလိက ကျောင်းများသည်လည်း အမြန်ဆုံးလျှောက်ထား ကြရမည်ဖြစ်ကြောင်း၊   ဥပဒေတွင် မည်သူမျှ  ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကို တည်ထောင် ဖွင့်လှစ်ခြင်း မပြုရဟု ပြဋ္ဌာန်းထားကြောင်း။

အလားတူ မည်သူမျှ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် မရှိသောသူကို ပုဂ္ဂလိက ကျောင်းဆရာအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် သင်ကြားစေခြင်း မပြုရဟု ပြဋ္ဌာန်း ထားကြောင်း၊ ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ်သင်တန်းများကို    လာမည့် ဧပြီလကုန်မှစတင်၍ ပညာရေးတက္ကသိုလ်များနှင့်    ပညာရေး ဒီဂရီကောလိပ်များ ဖွင့်လှစ်ရာတွင်  သတ်မှတ်အရည်အချင်းအလိုက် မပျက်မကွက် တက်ရောက်ရန်လိုကြောင်း၊ စိစစ်ချက်နှင့် ကိုက်ညီသူများကိုသာ ပုဂ္ဂလိကကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း၊  ဘွဲ့လက်မှတ် မှန်ကန်မှု၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်မှုများကိုလည်း  သက်ဆိုင်ရာ တက္ကသိုလ်များက တရားဝင်မှန်ကန်ကြောင်း အတည်ပြုမှသာ သက်ဆိုင်ရာ မှတ်ပုံတင် လက်မှတ်များကို ထုတ်ပေးနိုင်ရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံကြီးသားပီသစွာ ကျသင့်သော အခွန်ငွေများ    ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာကောင်းစွာ ဖတ်ရှုနိုင်မှုနှင့် နားလည်မှုစွမ်းရည်ကို စက်တင်ဘာလမှ စတင်ကာ ကျောင်းသားရွေးချယ်၍   စစ်ဆေးသွားမည်ဖြစ်သဖြင့် မြန်မာစာတတ်မြောက်အောင် ကြိုတင်သင်ကြားလေ့ကျင့် ထားကြစေလို ကြောင်းမှာကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပုဂ္ဂလိကပညာရေး ဥပဒေအရ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ဖွဲ့စည်းထားသော လုပ်ငန်း အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။

ထို့နောက်  STI  Myanmar University  တည်ထောင်သူ ဒေါ်ခင်အေးဝင်းက သင်ကြား ပို့ချလျက်ရှိသည့် ဘာသာရပ် သင်တန်းများ၊  နိုင်ငံတကာ တက္ကသိုလ်များနှင့်  ချိတ်ဆက်သင်ကြားမှု အခြေအနေများ၊ ကျောင်း၏လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Youth International University သို့ရောက်ရှိရာ  Youth International University တည်ထောင်သူ ဒေါက်တာဇော်လင်းက  Youth International Universityက သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်သင်တန်းများ၊ ကျောင်း၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာကြည့်တိုက်၊   စာသင်ခန်းများ၊   Theatre ခန်းမ၊   အားကစားခန်းမ၊ စားသောက်ခန်းနှင့်  စာမေးပွဲခန်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာနသို့ရောက်ရှိကာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာစာပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့်တွေ့ဆုံကာ မြန်မာစာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၏ ဘာသာဗေဒ လုပ်ငန်းဆောင်ရွက်ထားမှုများကို   အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး AI  နည်းပညာနှင့် ဘာသာဗေဒ လုပ်ငန်းများ မှန်ကန်စွာ ချိတ်ဆက်နိုင်ရေး၊ မြန်မာစာရေးထုံးနှင့် ပတ်သက်၍ စနစ်ကျ မှန်ကန်မှုရှိစေရေး၊ မြန်မာစာပေ ထိန်းသိမ်းခြင်းကို စနစ်တကျဆောင်ရွက်ရေး အလေးထား လုပ်ဆောင်ရန် မှာကြားခဲ့ကြောင်း သိရသည်။