ရမည်းသင်း၊ ဝမ်းတွင်း၊ ကျောက်ဆည်မြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တွေ့ဆုံ

 

ရမည်းသင်း၊ ဝမ်းတွင်း၊ ကျောက်ဆည်မြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုး တွေ့ဆုံ

 

နေပြည်တော် မတ် ၂၈

သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။  

 တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မန္တလေးတိုင်းဒေသကြီး အတွင်း၌ ရမည်းသင်းမြို့နယ်သည် ဝါအများဆုံး စိုက်ပျိုးသည့်ဒေသဖြစ်ပြီး မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းရာသီ စိုက်ဧက ၄၃၀၀၀ ကျော်ရှိသဖြင့် ၁ ဧက အထွက်နှုန်းတိုးရန်အတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ လက်ရှိဝါကြိတ်လုပ်ငန်း ဆောင်ရွက်နေသည့် ဝါကြိတ်စက်များအပြင် ထွက်ရှိလာသော ဝါများကို အရည်အသွေးပြည့်မီစွာ ကြိတ်ခွဲပေးနိုင်ရေး၊ ဝါစေ့ဆီနှင့် တိရစ္ဆာန်အစားအစာအတွက်ပါ ရည်မှန်း၍ ကြိတ်ခွဲနိုင်သည့်စက်များ ပေါ်ပေါက်လာ စေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေ လိုအပ်ချက်များရှိနေ၍   နည်းလမ်းပေါင်းစုံဖြင့် ရေပေးနိုင်ရေးအတွက် ကွင်းဆင်းကူညီ ဆောင်ရွက်ပေးရေး၊ တောင်သူများအနေဖြင့်  ထွက်ရှိလာသည့်ဝါများအပေါ် ဈေးကွက်မှန်ကန်စွာ ချိတ်ဆက်မိရန်အတွက်စိုက်ပျိုးသည့် လုပ်ငန်းမှစ၍ ကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းအထိ သမဝါယမအသင်းများဖွဲ့စည်းဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေး မှာကြားသည်။

ယင်းနောက်   စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက   ရမည်းသင်းမြို့နယ်အတွင်း စိုက်ပျိုးနေသည့် ဝါအမျိုးအစားများ၊  မျိုးကောင်းရရှိရေး ဆောင်ရွက်နေမှုများ၊ သဘာဝမြေသြဇာ ထည့်သွင်းအသုံးပြုရန် စီစဉ်ဆောင်ရွက်နေမှုနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က စက်မှုကုန်ကြမ်းသီးနှံဝါမှ  အဆင့်မြင့်ထုတ်ကုန်များ  ထုတ်လုပ်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားရာ  ဒုတိယဝန်ကြီးက ဝါစိုက်တောင်သူများ၏ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍   ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက် ခရိုင်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ  လုပ်ငန်းများ အခန်းကဏ္ဍအလိုက်  အောင်မြင်အောင် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။

ထိုမှတစ်ဆင့်   ဒုတိယဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာန၏ ရွှေတောင် ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံသို့ရောက်ရှိပြီး ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လတ်တလော တွေ့ရှိချက်များအရ  ဝါစိုက်ပျိုးရေး လုပ်ငန်းအတွက် အဓိကလိုအပ်နေသည်မှာ   သွင်းအားစု လိုအပ်ချက်ဖြစ်သည်ဟု တွေ့ရှိရကြောင်း၊  ယင်းအတွက် စိုက်ပျိုးရေးသမဝါယမ အသင်းများဖွဲ့စည်း၍ ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေ လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း ပေါင်းစပ်၍ ကွင်းဆင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက်    ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ်  အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ နို့နှင့်ဒိန်ချဉ် ထုတ်လုပ်နေသော ဒီနေလင်း  စားသောက်ကုန်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ   လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့်  ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ်   ဖျောက်ဆိပ်ပင် ကျေးရွာသို့သွားရောက်ပြီး ဝါစိုက်တောင်သူများနှင့် တွေ့ဆုံကာ ဒေသခံတောင်သူများ၏ ဝါစိုက်ပျိုးရေး လုပ်ငန်းနှင့်   ဒေသဖွံ့ဖြိုရေး လုပ်ငန်းလိုအပ်ချက်များ  တင်ပြမှုအပေါ်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

မန္တလေးတိုင်းဒေသကြီး   ကျောက်ဆည်မြို့နယ်တွင် ဝါစိုက်ဧက ၁၄၀၀၀ ကျော်ရှိပြီး ရာသီအလိုက် အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သွင်းအားစုများရရှိရေး တာဝန်ရှိသူများအား ညှိနှိုင်းမှာကြားကာ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစု၏ သဘာဝမြေသြဇာနှင့် စိုက်ပျိုးရေး ကုမ္ပဏီများ၏ သွင်းအားစုများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။